BREAKING
September 19, 2024

မလေးရှားတွင် မြန်မာလုပ်သားအသတ်ခံရမှုကြောင့် လူခုနစ်ဦးကိုဖမ်းဆီး

September 15, 2024

ဓာတ်ပုံ - Malay Mail

မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ ဘန်တွန်မြို့ရှိ စက်ရုံတစ်ရုံတွင် မြန်မာအလုပ်သမားတစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေသခံအမျိုးသားတစ်ဦးအပါအဝင် လူခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

အသက် ၂၇ နှင့် ၃၉ နှစ်အကြားရှိသည့် သံသယရှိသူအားလုံးကို ဘန်တွန်မြို့ တမန်ချီဂါမက်ဒန်အရပ်တွင် စက်တင်ဘာလ ၁၃ရက် မနက် ၁ နာရီကျော်တွင် ဖမ်းဆီးခဲ့ကြောင်း ပါဟန်းပြည်နယ်ရဲချုပ်က ပြောသည်။

သံသယရှိသူများ မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ပြေးရန် ကြိုးပမ်းနေချိန်တွင်ပင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်းအရ စက်တင်ဘာလ ၁၂ ရက် ညတွင် သွားရောက်စုံစမ်းစစ်ဆေးရာ စက်ရုံအတွင်းရှိ လူနေဆောင်ဒုတိယထပ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည့် မြန်မာအလုပ်သမားကို တွေ့ရကြောင်း ရဲချုပ်က ပြောဆိုသည်။

“ဒေသခံအမျိုးသားတစ်ယောက်နဲ့ နိုင်ငံခြားသား ခြောက်ယောက်ကို ရဲတပ်ဖွဲ့က မြန်မြန်ဆန်ဆန်ဖမ်းဆီးခဲ့ပါတယ်။ သံသယ တရားခံအားလုံးကို မနေ့ (စက်တင်ဘာ ၁၃) ကစပြီး ၇ ရက် ရမန်ပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

သံသယရှိသူများကို လူသတ်မှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂၊ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း ရဲချုပ်က ဆိုသည်။

အသတ်ခံရသူနှင့် သံသယရှိသူတို့မှာ အသိအကျွမ်းများ ဟုတ် မဟုတ်ကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း ပြောသည်။

မြန်မာအလုပ်သမား၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် ပါဟန်းပြည်နယ် မြို့တော် ကူအန်တန်မြို့ရှိ တန်ကူအမ်ပူအန်အက်ဖ်ဇန် ဆေးရုံသို့ ပို့ဆောင်ထားသည်။

ဖမ်းဆီးခံရသည့် နိုင်ငံခြားသား ခြောက်ဦးမှာ မည်သည့်နိုင်ငံသားများဖြစ်သည်ကို သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

Ref: Malay Mail