ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲပြင်းထန်ပြီး ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။
အဆိုပါကျေးရွာအုပ်စု ခလယ်ရွာနှင့် မြို့ဟောင်းရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစပြီး ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နံနက်အပိုင်းထိ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ခလယ်-တံခွန်တိုက်ကျေးရွာ အုပ်စုအတွင်းရှိ ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ ခလယ်မွန်စု၊ တံခွန်တိုင်၊ မြို့ဟောင်း စသော ကျေးရွာတို့မှ ဒေသခံထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
“တိုက်ပွဲက မနေ့ မနက်က စဖြစ်တာ။ မနေ့က တစ်နေကုန်ပဲ ပစ်ခတ်နေတယ်။ လေယာဉ်နဲ့လည်း ပစ်နေတော့ အကုန်ထွက်ပြေးနေရတယ်” ဟု ခလယ်တံခွန်တိုင်ကျေးရွာခံတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၁၂ ရက်နေ့ကတည်းက ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံတို့က ဆိုသည်။
ထိုစစ်ကြောင်းဝင်လာကတည်းက ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေပြီး တိုက်ပွဲဖြစ်ပွားလာချိန်တွင် ကျန်ဒေသခံများပါ ထွက်ပြေးရကြောင်း ၎င်းတို့က ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး ပြည်သူများ၏ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုလည်း ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
“အိမ်တွေပေါ် လက်နက်ကြီးကျလို့ အိမ်ပျက်စီးသွားတာတွေလည်း ရှိနေတယ်။ အရေအတွက်တော့ မသိသေးဘူး။ လူတွေက ထွက်ပြေးကုန်တော့ လူထိတာမရှိဘူး။ အခုဆို ရွာမှာ ဘယ်သူမှ မနေရဲဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသူများ စားရေး သောက်ရေး၊ နေရာထိုင်ခင်းနှင့် သွားလာရေး အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံတို့က ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဇူလိုင်လအတွင်းက ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။