လောင်းလုံးမြို့နယ်၊ ကျော်နီမော်ကျေးရွာ ကားလမ်းဘေးရှိ တောင်ကမ်းပါးယံ မြေပြိုကျမှုကြောင့် နေအိမ်နှစ်လုံး ပျက်စီးကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
နှစ်ရက်ဆက်မိုးကြီးပြီးနောက် ယနေ့ စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မြေပြိုကျခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ပျက်စီးသည့် နေအိမ်နှစ်လုံးက ဒေသခံ ၁၀ဦးနှင့် နောက်ထပ် ထပ်မံပြိုကျနိုင်သည့် နေအိမ်နှစ်လုံးက ဒေသခံခုနစ်ဦးတို့ကို ဘေးလွတ်ရာ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ထားကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“အိမ်ထဲကနေ လူတွေပြေးထွက်လာတာကိုမြင်ရတော့ ဘာဖြစ်တာလဲဆိုပြီး ကားကို ရပ်ချလိုက်ပြီး ကြည့်လိုက်တာမှာ အိမ်က မြေပြိုကျနေပြီ။ ပစ္စည်းတွေတော့ နည်းနည်းပါးပါး ယူထုတ်လို့ ရသွားတယ်။ လူတွေလည်း လွတ်သွားတယ်” ဟု အောက်ကျောက်ဝပ်ရွာသို့ ရုပ်အလောင်းတစ်ခု ပို့ဆောင်ပြီးအပြန်တွင် မျက်မြင်တွေ့ရသည့် အခြေအနေကို ၎င်းက ပြောဆိုသည်။











နေအိမ်များမှာ တောင်ခြေကမ်းပါးယံနှင့် ကပ်၍ ဆောက်ထားခြင်းဖြစ်ပြီး နောက်ထပ်မြေပြိုကျနိုင်သည့် အနေအထား ရှိသဖြင့် မြေသားခိုင်ခန့်အောင်လုပ်ဆောင်ပြီးမှ လူနေထိုင်နိုင်မည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
ယခုတစ်ပတ်အတွင်း တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးကြီးနေပြီး ကျောက်နီမော်ရွာတွင်လည်း နှစ်ရက်ဆက်တိုက် မိုးကြီးနေသည်။