BREAKING
March 15, 2025

ထားဝယ်တွင် KBZ Pay အကောင့် အချို့ အပိတ်ခံရ

September 15, 2021

KBZ Pay

ထားဝယ်တက္ကသိုလ်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သူများကို ကူညီပေးရန် အလှူခံနေသည်ဆိုသည့် KBZ Pay အကောင့် တစ်ခုနှင့် ထားဝယ်မြို့နယ် အခြေခံကျောင်းသားများ သမဂ္ဂ၏ ဘဏ္ဍာရေးကိစ္စဆောင်ရွက်နေသည့် KBZ Pay အကောင့်တို့ အပိတ်ခံ (Freeze) လိုက်ရကြောင်း သိရသည်။

ယင်းအကောင့် နှစ်ခုစလုံး အပိတ်ခံလိုက်ရကြောင်း စက်တင်ဘာလ ၁၃ ရက်က ထားဝယ်တက္ကသိုလ် CDM ထောက်ပံ့ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ကျောင်းသား ကျောင်းသားများသမဂ္ဂ တို့က သတင်းထုတ်ပြန်ထားသည်။

ထားဝယ်တက္ကသိုလ် CDM အတွက်အလှူခံနေသော အကောင့်တွင် လက်ကျန်ငွေမရှိသော်လည်း ထားဝယ်မြို့နယ် အခြေခံကျောင်းသားများသမဂ္ဂ၏ အကောင့်တွင်မူ ငွေကြေးတချို့ကျန်ရှိနေသည်ဟုဆိုသည်။ မည်မျှရှိသည်ကိုမူ မသိရပေ။

“ထားဝယ်တက္ကသိုလ်က CDM တွေအတွက် အလှူခံနေတဲ့ အကောင့်ပိတ်ခံရပေမယ့် ပိုက်ဆံတော့မပါသွားဘူး” လို့ ယင်းတက္ကသိုလ်က CDM များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။

ဩဂုတ်လအတွင်းကလည်း ထားဝယ်မြို့မှ CDM သမားများအတွက် အလှူခံနေသည့် KBZ Pay အကောင့်တစ်ခု အပိတ်ခံရဖူးသည်။

ယင်းလအတွင်းကပင် ရေဖြူမြို့နယ် ကလိန်အောင်မြို့နေ အမျိုးသမီးငယ်တစ်ဦးမှာလည်း KBZ Pay ဖြင့် အမည်မသိအဖွဲ့တစ်ခုကို အလှူငွေထည့်ဝင်ဖူးသဖြင့် ဖမ်းဆီးခံခဲ့ရဖူးသည်။