BREAKING
October 18, 2024

တနင်္သာရီ-ကော့သောင်းလမ်းပိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြု

August 15, 2024

ပုံစာ - ထားဝယ် - မြိတ် - ကော့သောင်း ကားလမ်းတစ်နေရာ။

တနင်္သာရီမြို့မှ ဘုတ်ပြင်းမြို့နယ်ခြား ၁၀၂၀ တောင်အထိ မြိတ်-ကော့သောင်းလမ်းပိုင်းကို ယနေ့(သြဂုတ် ၁၅) မနက်မှစတင်ကာ ပြန်လည်ဖြတ်သန်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံနှင့် ယာဉ်လိုင်းလုပ်ငန်းရှင်အချို့က ပြောသည်။

ယင်းလမ်းပိုင်းအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြိတ်-ထားဝယ်လမ်းမကြီးဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး လမ်းပိုင်းအသုံးပြုခွင့်ကို ပြည်သူ့ကာကွယ်ရေး တပ်များက ပိတ်လိုက်ခြင်းဖြစ်သည်။

“အဓိကတော့ ဒီလမ်းမကြီးပေါ်မှာ အန္တရာယ်မရှိဘူးဆိုရင်တော့ ကျွန်တော်တို့က ဖွင့်ပေးတယ်” ဟုတိုင်းပကဖတာဝန်ခံ ရဲဘော်စတားက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်-မြိတ်-ကော့သောင်း ကားလမ်းအသုံးပြုမှုကို မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ခွင့်ပြုပေးထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှသိရသည်။

ဩဂုတ်လ ၁၂ ရက်က တနင်္သာရီမြို့အဝင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကွမ်းသီးနုတင်ဆောင်လာသည့် ကားသမားတစ်ဦး ပစ်ခတ်ခံရကြောင်း ကားသမားအချင်းချင်း ထမင်းဆိုင်တွင်ပြော၍ ကြားသိရကြောင်း မြိတ်-ထားဝယ်ပြေးဆွဲနေသည့် ကားသမားတစ်ဦးကလည်း ပြောသည်။

“သေလား ရှင်လားဆိုတာတော့မသိဘူး။ ပစ်ခံရတယ်ဆိုတာပဲသိတယ်” ဟု အထက်ပါကားသမားက ပြောသည်။

ကားသမားပစ်ခတ်ခံရသည့်ကိစ္စကို Dawei Watch ကဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ခရီးသည်တင်ကားများ၊ ကုန်ကားများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လုံခြုံရေးအရစစ်ဆေးမှုကို ပူးပေါင်းပေးရန်နှင့် မှန်ချမောင်းရန်၊ ကုန်ကားများ မိုးကာပိုင်းများ အလုံပိတ်ထားခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

စစ်ရေးလိုအပ်ချက်အရ ကားလမ်း ခေတ္တပိတ်ခြင်းကို အတိအကျလိုက်နာ ဆောင်ရွက်ပြီး ပူးပေါင်းပေးရန်လည်း တိုင်းပကဖက ထုတ်ပြန်ထားသည်။