BREAKING
January 15, 2025

ကျိုက်ထိုတွင် PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မောင်နှမနှစ်ဦး ဖမ်းဆီးခံရ

August 15, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် မောင်နှမနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ဩဂုတ်လ ၁၂ ရက်က ကိုပြည့်စုံထွန်းဆိုသူကို စစ်ကောင်စီတပ်က လမ်းတွင် ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အစ်မဖြစ်သူကို ဩဂုတ်လ ၁၃ ရက်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။

ကိုပြည့်စုံထွန်းတို့ မောင်နှမနှစ်ဦးကို စစ်တပ်က PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲပြီး ဖမ်းဆီးသွားခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ကိုပြည့်စုံထွန်းတို့ မောင်နှမကို ကျိုက်ထိုအခြေစိုက် တပ်မ – ၄၄ ဌာနချုပ် စစ်ကြောရေးတွင်ရှိနေသည် သတင်းရ သောကြောင့် သွားရောက်စုံစမ်းမေးမြန်းရာ မရှိဟု စစ်ကောင်စီတပ်ဘက်က ပြောဆိုခဲ့ကြောင်း နီးစပ်သူတို့က ဆိုသည်။

“သူတို့ကို ဘယ်မှာထားထားလဲဆိုတာ မသိသေးဘူး။ တပ်မ-၄၄ ဌာနချုပ်မှာလည်း မရှိဘူးတဲ့။ အခုအထိတော့ ဘာအဆက်အသွယ်မှ မရသေးဘူး” ဟု နီးစပ်သည့် ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်ကလည်း ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်ရှိ ကော့စနိုင်လူမှုကူညီရေးအသင်းဝင် လေးဦး အပါအဝင် ကျိုက်ထိုမြို့ခံ ရှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခဲ့သည်။

PDF ကို သတင်းပေးခြင်း၊ ငွေကြေးနှင့် ရိက္ခာထောက်ပံ့သည်ဟုဆိုပြီး တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားမှု အားကောင်းသည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်မြို့နယ်အတွင်းက ဒေသခံပြည်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်လာခဲ့ပြီး အများစုကို ပုဒ်မအမျိုးမျိုးတပ်ပြီး အမှုဖွင့်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ဒုတိယအပတ်အတွင်းကလည်း ပေါင်ဒေသခံ လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နှစ် ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

လဂွန်းအိမ်စာစဉ်က ထုတ်ပြန်ထားသည့်အချက်အလက်များအရ စစ်တပ်အာဏာသိမ်း သုံး နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၉၀၀ ကျော်နေပြီး ၂၀၂၄ ခုနှစ် ပထမ ၆ လတာကာလအတွင်း ဖမ်းဆီးခံရသူ ၇၆ ယောက်ရှိကြောင်း သိရသည်။