BREAKING
January 15, 2025

ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် သက်ဆင်သမီးကို အမည်တင်သွင်းဖွယ်ရှိ

August 15, 2024

ထိုင်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ကို မနက်ဖြန် သောကြာနေ့ နံနက် ၁၀ နာရီတွင် လွှတ်တော်၌ မဲပေးရွေးချယ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ ခေါင်းဆောင်ပါတီဖြစ်သော Pheu Thai ပါတီဘက်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ Paetongtarn Shinawatra ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ကြေညာလိုက်သည်။

ယမန်နေ့ညက တရားရေးဝန်ကြီးဟောင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဟောင်းဖြစ်သော အသက် ၇၅ နှစ်အရွယ် Chaikasem Nitisiri ကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းရန် သဘောတူနေခဲ့ရာမှ ယနေ့ နေ့လယ်ပိုင်းတွင် သက်ဆင်သမီးကို တင်သွင်းရန် ရည်ရွယ်လာခဲ့ခြင်းဖြစ်သည်။

သို့သော် မနက်ဖြန်တင်သွင်းမည့် ညွန့်ပေါင်းအဖွဲ့က တင်သွင်းမည့် ဝန်ကြီးချုပ်လောင်းမှာ မည်သူဖြစ်မည်ဆိုသည်ကို ပါတီဦးဆောင်သူများနှင့် ပါတီလွှတ်တော်အမတ်များ၏ သဘောတူညီချက် ရယူရဦးမည်ဖြစ်သဖြင့် အဖြေ တိတိကျကျ မရှိသေးပေ။

ဆေးခြောက်ပါတီ၏ လူသိများသည် Bhumjaithai ပါတီခေါင်းဆောင် Anutin Charnvirakul ကလည်း Pheu Thai ပါတီဘက်က တင်သွင်းမည့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံသွားမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာထားသည်။

သို့သော် Bhumjaithai ပါတီအနေဖြင့် တော်ဝင်ဥပဒေကို ပြင်ဆင်ရန် ကြိုးစားသူမှန်သမျှကို ထောက်ခံသွားမည် မဟုတ်ကြောင်း ထပ်လောင်းဆိုသည်။

အခြားညွန့်ပေါင်းပါတီအဖွဲ့များကလည်း တော်ဝင်ဥပဒေကို ပြင်ဆင်ရန် မကြိုးစားပါက Pheu Thai ပါတီဘက်က တင်သွင်းမည့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံသွားမည်ဖြစ်ကြောင်း ဆိုထားကြသည်။

Move Forward ပါတီဖျက်သိမ်းခံရပြီးနောက် ပါတီအသစ်ထူထောင်ထားသည့် People’s Party ပါတီက ညွန့်ပေါင်းအစိုးရနှင့် ပူးပေါင်းသွားမည်မဟုတ်ဘဲ လွှတ်တော်ထဲတွင် အတိုက်အခံပါတီအနေဖြင့် ဆက်ရှိနေမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ထားသည်။

ဩဂုတ်လ ၁၄ ရက်နေ့က ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို လက်ရှိရာထူးက ရပ်နားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချမှတ်လိုက်ပြီးနောက် ဝန်ကြီးချုပ်အသစ်နှင့် အစိုးရအဖွဲ့အသစ်ကို ပြန်လည်ရွေးချယ်ရန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

Ref: Khoasod English, The Nation Thailand, Prachatai English