BREAKING
December 26, 2024

မောရဝတီရေတပ်က ဖမ်းထားသည့် ဖောင်းတောရွာသားနှစ်ဦး မိသားစုနှင့်အဆက်အသွယ်မရ

August 15, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ဩဂုတ်လဆန်းပိုင်းနှင့် ၁၃ ရက်တို့က အဖမ်းခံထားရသည့် ရွာသားနှစ်ဦး မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

အသက် ၂၅ နှစ်ဝန်းကျင် ကိုဇေယျာဦးနှင့် အသက် ၅ဝ ကျော်အရွယ် ဦးသိန်းမြင့်လွင် (ခ) ကိုစုကမ်း တို့နှစ်ဦးကို မောရဝတီ ရေတပ်မှ စစ်ကောင်စီတပ်သားများက ၎င်းတို့၏နေအိမ်များတွင်ပင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများ ပြောသည်။

ကိုဇေယျာဦးသည် ရေဖြူမြို့နယ်၊ ကောင်းမှုရွာသားဖြစ်ပြီး ဖောင်းတောရွာသူနှင့် အိမ်ထောင်ကျပြီးနောက် အုန်းပင်ကွင်း ရွာရှိ ဥယျာဉ်ခြံသို့ ပြောင်းရွှေ့နေထိုင်နေသူဖြစ်ကြောင်း ကိုဇေယျာဦး နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

ကိုဇေယျာဦးသည် ဖောင်းတောရွာနေအိမ်သို့လည်း ရံဖန်ရံခါပြန်လာလေ့ရှိကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။

“ဖောင်းတောအိမ်က သူတို့တွေ သိပ်မနေဘူး။ တစ်ခါတလေမှ ပြန်လာကြတယ်။ အုန်းပင်ကွင်းမှာ ခြံသွားစိုက်နေကြတာ။ ၁၃ ရက်နေ့ ည၈နာရီလောက် အိမ်မှာရှိနေတုန်း မောရဝတီက လာခေါ်သွား တယ်” ဟု ၎င်းက ပြောသည်။

ဖောင်းတောရွာအဝင် ဘုရားတောင်ကုန်းတက်လမ်းအနီး နေထိုင်သည့် ဦးသိန်းမြင့်လွင်ကိုလည်း ပြီးခဲ့သည့် ဆယ်ရက် ဝန်းကျင်က မောရဝတီရေတပ်က ဖမ်းသွားကြောင်း ရွာသားများထံမှ သိရသည်။

“ဖမ်းခံရတဲ့လူနှစ်ယောက်စလုံး မိသားစုက လိုက်နေတာပဲ၊ တွေ့ခွင့်မရသေးဘူး” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်ကိုမူ သီးခြားအတည် မပြုနိုင်သေးသလို ယနေ့ ဩဂုတ်လ ၁၅ ရက် နေ့လယ်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

ဩဂုတ်လဆန်းပိုင်းတွင် မောရဝတီရေတပ်က ဖမ်းဆီးထားသည့် ဇာဒီရွာသား ကိုသန်းထိုက်သည်လည်း ယနေ့အထိ ပြန်မလွတ်လာသေးကြောင်း ဇာဒီရွာသားများက ဆိုသည်။

ဇွန်လ အလယ်ပိုင်းတွင် မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးနေသည့် ဦးကတ်သားမှာ ဇူလိုင်လကုန်ပိုင်းတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း ကာယကံရှင်နှင့်နီးစပ်သူတို့ထံမှ သိရသည်။