BREAKING
January 15, 2025

ပုလော ဆင်ထိုးကြီးရွာတွင် တိုက်ပွဲထပ်ဖြစ်

August 15, 2024

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာတွင် ဩဂုတ်လ ၁၄ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တို့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံအချို့ထံက သိရသည်။

ဆင်ထိုးကြီးကျေးရွာကို စစ်ကြောင်းပြန်ထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ ညနေ ၃ နာရီခန့်မှ ၄ နာရီခန့်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ပလောက်မြို့အခြေစိုက် ခလရ ၂၈၀ တပ်ရင်းက တိုက်ပွဲဖြစ်သည့် နေရာအနီးတဝိုက်ကို လက်နက်ကြီး ဖြင့် ပစ်ကူပေးခဲ့ကြောင်းဆင်ထိုးကြီးကျေးရွာအုပ်စုက KNLA နှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ဒေသခံများထွက်ပြေးနေရသဖြင့် နေအိမ်ထိခိုက်မှု အခြေအနေနှင့် ဒေသခံများ ဖမ်းဆီးခံရမှု ရှိမရှိတို့ကို မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက်တွင် ပစ်ခတ်မှုမရှိဘဲ ငြိမ်နေကြောင်း ၎င်းက ပြောသည်။

မနေ့က ဖြစ်ပွားသည့်တိုက်ပွဲတွင် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က တစ်ဦး ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး ယနေ့ နံနက်တွင် သေဆုံးသွားကြောင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

“ဒရုန်းနဲ့ ဗုံးချခံရတာလို့ပြောတယ်။ ဒီနေ့မနက် ၁၀ နာရီလောက်မှာသေတယ်” ဟု ၎င်းက ပြောသည်။

KNLA တပ်ဘက်ကမူ ထိခိုက်ဒဏ်ရာရခြင်း မရှိဟု အထက်ပါ KNLA နှင့်နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် ထားဝယ်-မြိတ်သွားကားလမ်း ယာယီပြတ်တောက်မှုခဲ့ကြောင်း ကားသမားတစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်က ဆင်ထိုးကြီးကျေးရွာအုပ်စု အင်းမရွာက မြိတ်စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင် ပြည့်ဖြိုးထွန်း ကုမ္ပဏီ အဆောက်အအုံ၊ အလုပ်ရုံနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်နေသည့် ခြံဝန်းကို KNLA တပ်များက ဝင်ရောက် စီးနင်းခဲ့သဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့သည်။

ဩဂုတ်လ ၁ ရက်မှ ၆ ရက်အထိ စစ်ကောင်စီတပ်နှင့် KNLA တပ်များ ဆင်ထိုးကြီး၊ အင်းမ၊ ဘုရင့်တောင်ရွာနှင့် ဦးလှသန်းပိုင် ရော်ဘာခြံ ကုမ္ပဏီဝန်းအတွင်း နှစ်ဖက်ထိတွေ့မှုများဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိပြီး KNLA ဘက်ကမူ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကြောင်း KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး‌ စောမှူးဂေက ဩဂုတ်လ ၅ ရက်က ပြောဆိုထားသည်။

ဩဂုတ်လ ၆ ရက်တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဦးလှသန်းပိုင် ပြည့်ဖြိုးထွန်း ကုမ္ပဏီရုံး အဆောက်အအုံနှင့် အလုပ်ရုံ၊ အလုပ်သမားတန်းလျားများကို KNLA တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်။

ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်မှာ ပလောက်မြို့ စာသင်ကျောင်းတွင် တပ်စွဲထားပြီးနောက် ဩဂုတ်လ ၁၄ ရက်တွင် ဆင်ထိုးကြီးကျေးရွာအုပ်စုကို တကျော့ပြန်စစ်ကြောင်း ပြန်ထိုးလာခြင်းဖြစ်သည်။

ခလရ ၂၈၀ တပ်ရင်းက ဆင်ထိုးကြီး၊ အင်းမကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို စစ်ကောင်စီတပ်နှင့် KNLA တပ်များ နှစ်ဖက်ထိတွေ့မှုများဖြစ်ပေါ်နေသဖြင့် ယင်းကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။