BREAKING
December 26, 2024

ထားဝယ်တွင် စစ်ကောင်စီ နယ်လုံဝန်ကြီးယာဉ်တန်း ပစ်ခတ်ခံရ

August 15, 2024

ပုံစာ - ထားဝယ်မြို့ ဆင်ဆိပ်လမ်းကွေ့တစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

ထားဝယ်မြို့ တွင် တနင်္သာရီတိုင်း စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လိုက်ပါလာသည့်ယာဉ်တန်း ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံအချို့၊ စစ်ကောင်စီနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာသည့် ယာဉ်တန်းသည် ဩဂုတ်လ ၁၅ ရက် ယနေ့ နံနက် ၈ နာရီခန့်က ဆင်ဆိပ်ရပ်ကွက် ရေးလမ်းပေါ်ရှိ ဆင်ဆိပ်လမ်းကွေ့တွင် ပစ်ခတ်ခံရကြောင်း တိုင်းစစ်ကောင်စီရုံးနှင့် နီးစပ်သူနှစ်ဦးက ပြောသည်။

“ယာဉ်တန်းနဲ့ သွားနေတုန်း အပစ်ခံရတာလို့ ကြားတယ်။ ထိခိုက်မှုတော့ မရှိဘူး” ဟု တနင်္သာရီတိုင်း စစ်ကောင်စီရုံးနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ် အကြီးတန်းအရာရှိတစ်ဦး ထားဝယ်မြို့ကို ရောက်နေသည့်အတွက် နယ်လုံဝန်ကြီးက ယာဉ်တန်းဖြင့် သွားလာချိန် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းကြောင်း တိုင်းစစ်ကောင်စီနှင့် နီးစပ်သူ အခြားတစ်ဦးက ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် အနီးအနားရှိ မြို့ခံအချို့ကလည်း သေနတ်ပစ်ခတ်မှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း ပြောဆိုကြသည်။

“ဆင်ဆိပ်လမ်ကွေ့နားမှာ ပစ်သံကြားရတယ်။ အချက်ရေတော့ နည်းနည်းများတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများက လမ်းတစ်လျှောက်ရှိ နေအိမ်များကို သေနတ်ဖြင့် ရမ်သမ်းပစ်ခတ်ခဲ့ကြောင်း မြို့ခံအခြားတစ်ဦးက ဆိုသည်။

နယ်လုံဝန်ကြီးကား ပစ်ခတ်ခံရသည်ဆိုသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

ဗိုလ်မှူးကြီးမင်းမင်းလတ်မှာ ယခင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း အဖမ်းခံရပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းတွင် စတင်တာဝန်ယူခဲ့သူဖြစ်သည်။

၎င်းသည် အာဏာသိမ်းပြီးနောက်ပိုင်း လေးဦးမြောက် နယ်လုံဝန်ကြီးဖြစ်ပြီး ယခင်က စစ်တက္ကသိုလ်နည်းပြ အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။