BREAKING
February 25, 2025

မြောက်ကိုရီးယားခေါင်းဆောင် နှင့် ရုရှားသမ္မတ အပြန်အလှန် စာချွန်လွှာများဖလှယ်

August 15, 2023

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဩဂုတ် ၁၅ရက်နေ့ တွင် အပြန်အလှန် စာချွန်လွှာများ ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်သွားမည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ ကေစီအန်အေ က ထုတ်ပြန်ခဲ့သည်။

အဆိုပါစာများသည် ၁၉၁၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ကိုလိုနီအုပ်ချုပ်မှုကို ဖြတ်သန်းခဲ့ရပြီးနောက် ကိုရီးယား ကျွန်းဆွယ်၏ လွတ်လပ်ရေး ရရှိခဲ့သည့် ၇၈ နှစ်မြောက် အထိမ်းအမှတ်အားဖြင့် စာချွန်လွှာဖလှယ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အထိမ်းအမှတ်အတွက် တောင်ကိုရီးယားနိုင်ငံမှာလည်း နိုင်ငံတော်အားလပ်ရက်အဖြစ် ဂုဏ်ပြုကျင်းပလေ့ ရှိသည်။

ပူတင်ထံပေးပို့သောစာတွင် ကင်မ်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကို တိုက်ထုတ်နိုင်ခဲ့ပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့ပြီး အဆိုပါ ဆက်ဆံရေးသည် ယခုအခါ နယ်ချဲ့သမားများ၏ မတရားကျင့်ကြံမှုကို ချေမှုန်းရန် ကြိုးပမ်းမှုတွင် မယုံကြည်နိုင်လောက်အောင် အင်အားကောင်းမှုနှင့် ခိုင်မာမှုများကို အပြည့်အ၀ပြသနေကြောင်းကို ထည့်သွင်းရေးသားခဲ့ကြောင်း ကေစီအန်အေ က ဆိုသည်။

“ဒီလို ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုသည် ခေတ်သစ်၏ တောင်းဆိုချက်နှင့်အညီ ရေရှည် တည်တံ့ခိုင်မြဲသော မဟာဗျူဟာမြောက် ဆက်ဆံရေးတစ်ခုအဖြစ် ပိုမိုတိုးတက်ကောင်းမွန်လာမည်ကို ကျွန်ုပ်အနေနှင့် အခိုင်အမာ ယုံကြည်ပါသည်” ဟု ကင်က ၎င်း၏ ပေးစာတွင် ပြောကြားထားသည်။

အမြောက်ကျည်များ၊ ဒုံးကျည်များနှင့် ပခုံးတင်ပစ်ဒုံးကျည်များ အပါအဝင် ယူကရိန်းစစ်ပွဲအတွက် ရုရှားအား မြောက်ကိုရီးယားက လက်နက်များ ပံ့ပိုးပေးနေသည်ဟု အမေရိကန်အစိုးရက ပြောဆိုထားသည်။

အဆိုပါ စွပ်စွဲချက်နှင့် စပ်လျဉ်းပြီး မြောက်ကိုရီးယား နှင့် ရုရှား အစိုးရတို့က မည်သို့သော လက်နက်ရောင်းဝယ်မှုမျိုး ကိုမဆို ငြင်းဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ရုရှားကာကွယ်ရေးဝန်ကြီးသည် ပြုံယမ်းတွင် ကျင်းပခဲ့သော စစ်ရေးပြ အခမ်းအနားတွင် မစ္စတာကင်နှင့် ပခုံးချင်းယှဉ်ရပ်ခဲ့ကာ မြောက်ကိုရီးယား၏ နောက်ဆုံးပေါ် နျူကလီးယားစွမ်းရည်ရှိသော ဒုံးကျည်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို လေ့လာခဲ့ကြသည်။

ပူတင်အနေနှင့်လည်း ကင်မ်ထံ ပေးစာတွင် ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်မည် ဟု ကတိပြုခဲ့သည်။

“နှစ်နိုင်ငံပြည်သူတွေရဲ့ သုခချမ်းသာ အပြင် ကိုရီးယားကျွန်းဆွယ်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ အရှေ့မြောက် အာရှတစ်ခွင် လုံခြုံရေးအတွက် နယ်ပယ်ပေါင်းစုံမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အားကောင်းလာ စေမယ်လို့ ယုံကြည်ပါတယ်” ဟု ပူတင်က ရေးသားခဲ့ကြောင်း ကေစီအန်အေ ၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်၏ သက်ဆိုင်ရာ ခေါင်းဆောင်များသည် မြောက်ကိုရီးယားအရေး ၊ ယူကရိန်းအရေး အပြင် တခြားသော ကိစ္စရပ်များအတွက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို သြဂုတ် ၁၈ ရက် အမေရိကန်နိုင်ငံ ၊ မေရီလန်း တွင် ပြုလုပ်မည့် သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွင်း ဆွေးနွေးသွားရန် စီစဉ်ထားသည်။

Reference ● Reuters ● The Straits Times