လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာတွင် ဩဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့ နှစ်ရက်အတွင်း အမျိုးသားနှစ်ဦး ဖမ်းဆီးခံရသည်ဟု ဒေသခံများထံမှသိရသည်။
ဩဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် အင်းဇောက်ရွာသား အသက်လေးဆယ်ကျော်အရွယ်ရှိ ဦးသိန်းစိုးဆိုသူ ဖမ်းဆီးခံရပြီး ၁၃ ရက်နေ့နေ့လယ်ပိုင်းတွင် အသက် ရှစ်ဆယ်ကျော်အရွယ် ဦးလှရွှေဆိုသူ ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။
“အဖမ်းခံရတဲ့သူတွေက အရင်ကတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေပါ အခုတော့ မသိရဘူး”ဟု ၎င်းဒေသခံကပြောသည်။
ဦးလှရွှေ ဆိုသူမှာ အင်းဇောက်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးဖြစ်သူ ဒေါ်နုသွေး၏ ဖခင်ဖြစ်သည်။
ဒေါ်နုသွေးမှာ ယမန်နှစ်က ၎င်း၏နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဒေသခံများကဆိုသည်။
အထက်ပါအမျိုးသားနှစ်ဦးစလုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားခြင်းဖြစ် ပြီး မည်သည့်အကြောင်းယင်းကြောင့် ဖမ်းဆီးသွားသည်ဆိုခြင်းကို အသေးစိတ်မသိရသေးပေ။
လောင်းလုံးမြို့နယ်တွင် ဇူလိုင်လ မှ ဩဂုတ် ၁၄ ရက်အထိ ကာလအတွင်း အမျိုးသားအမျိုးသမီး ၆ ဦးခန့် ဖမ်းဆီးခံထားရသည်။