ဆွစ်ဇာလန် နိုင်ငံအခြေစိုက် နာရီအမှတ်တံဆိပ် တစ်ခု ဖြစ်သည့် Swatch မှ ထုတ်လုပ်ထားသော ပါဆယ်ဘူးများ၊ ထုပ်ပိုးစက္ကူများနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် လိင်စိတ်ခံယူမှုကွဲပြားသူများ – LGBTQ ဆိုင်ရာ အပြင်အဆင်ဖြင့် ထုတ်လုပ်ထားသည့် နာရီများကို မလေးရှားအစိုးရက ပိတ်ပင်လိုက်သည်။
ယင်းနာရီများ နိုင်ငံအတွင်း ရောင်းချခွင့် နှင့် ဝတ်ဆင်ခွင့် ပိတ်ပင်မှုကို မလေးရှားပြည်ထဲရေးဝန်ကြီးဌာန က ဩဂုတ် ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါ တားမြစ်ချက်ကို နိုင်ငံ၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းအက်ဥပဒေ ပုဒ်မ ၇ အရ ပြဋ္ဌာန်းထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းအက်ဥပဒေ ၊ ပုဒ်မ ၇ အရ အများပြည်သူဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ၊ အကျင့်စာရိတ္တ၊ လုံခြုံရေး စသည် တို့ကို ထိခိုက်စေနိုင်သော သို့မဟုတ် “လူထုအမြင်အပေါ် ထိတ်လန့်စေသည့်” အရာများကို ပြည်ထဲရေးဝန်ကြီးအနေနှင့် တားမြစ်နိုင်သည်ဟု ဖော်ပြထားသည်။
“မည်သည့်ဥပဒေနှင့်မဆို သွေဖီနိုင်သော သို့မဟုတ် ထိခိုက်နိုင်သော ၊ အများသူငှာ အကျိုးစီးပွား သို့မဟုတ် အမျိုးသား အကျိုးစီးပွားကို ထိခိုက်နိုင်ဖွယ်ရှိသော” အရာ ဖြစ်ပါကလည်း အလားတူ အရေးယူ ဆောင်ရွက်နိုင်သည်။
ထို့အပြင် အဆိုပါအက်ဥပဒေ ၏ ပုဒ်မ ၈(၂) အရ တားမြစ်ထားသော ပစ္စည်းများရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်းတို့အတွက် ဒဏ်ငွေ ရင်းဂစ် ၂၀,၀၀၀ သို့မဟုတ် ထောင်ဒဏ် ၃နှစ် အထိ ချမှတ်နိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားသည်။
၂၀၁၅ ခုနှစ်တွင် မလေးရှား၏ ထိုအချိန်က အာဏာရ အစိုးရ ဖြစ်သည့် ဘာရီဆန်နာရွှန်နယ် (BN) ပါတီ၏ အစိုးရသည် နိုင်ငံတွင်း အပြောင်းအလဲအတွက် တောင်းဆိုမှုကို သင်္ကေတပြုသည့် အဝါရောင် ဘာဆစ် (Bersih) တီရှပ်များကို တားမြစ်ရန် အလားတူ ပြဋ္ဌာန်းချက်ကို ကျင့်သုံးခဲ့သည်။ ယင်းစီရင်ချက်ကို နောက်ပိုင်းတွင် အယူခံတရားရုံးက ပယ်ချခဲ့သည်။
ပြီးခဲ့သည့် မေလကလည်း မလေးရှားအာဏာပိုင်များသည် နိုင်ငံအနှံ့အပြားရှိ Swatch အရောင်းဆိုင်များကို ဝင်ရောက်စီးနင်းခဲ့ပြီး အဆိုပါ ကုမ္ပဏီ၏ လိင်စိတ်ခံယူမှုကွဲပြားသူများ – LGBTQ များအား ဂုဏ်ပြုထုတ်လုပ်ထားသည့် Pride Collection မှ သက်တံရောင်နာရီ အလုံး ၁၇၀ ခန့်ကို သိမ်းဆည်းခဲ့သည်။
အဆိုပါ နာရီများသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄,၀၀၀ တန်ကြေးရှိသည်။ ယင်းဖြစ်စဉ်ကြောင့် Swatch ကုမ္ပဏီ သည် မလေးရှားအစိုးရကို တရားစွဲဆိုခဲ့သည်။
Swatch ထုတ်ကုန်များသည် နိုင်ငံအတွင်း လက်ခံနိုင်ဖွယ်မရှိသော လိင်စိတ်ခံယူမှုကွဲပြားသူများ – LGBTQ လှုပ်ရှားမှုကို တစ်နည်းတစ်ဖုံ မြှင့်တင်၊ ပံ့ပိုးပေးကာ အဆိုပါ လူမှုရေးရာ လှုပ်ရှားမှု ကို ဒေသတွင်း ပုံမှန်ဖြစ်လာစေနိုင်သောကြောင့် ယခု နောက်ဆုံး ထုတ်ပြန်ထားသည့် ပိတ်ပင်မှု ကို ချမှတ်ရန် လိုအပ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။
မလေးရှားတွင် လိင်တူကြိုက်နှစ်သက်မှုကို တရားဝင် ပိတ်ပင်ထားသည်။ ဥပဒေရေးရာ အရ စီရင်ပြဋ္ဌာန်းမှု ရှားပါးသော်လည်း လိင်တူဆက်ဆံမှု ကို ထောင်ဒဏ် နှင့် ကြိမ်ဒဏ် တို့ဖြင့် အပြစ်ပေးနိုင်သည်။
Reference