BREAKING
January 15, 2025

ဟိန္ဒားတွင် ပျူစောထီးတစ်ဦးအသတ်ခံရပြီးနောက် ခဲရှာသူများ အလုပ်မသွားရဲတော့ဟုဆို

August 15, 2023

နာမည်ကျော် ဟိန္ဒားသတ္တုမိုင်းတည်ရှိသည့် ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာအုပ်စုတွင် ပျူစောထီးတစ်ဦး ပစ်သတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီရန်ကြောက်သဖြင့် အလုပ်မသွားရဲတော့ဟု တစ်နိုင်တစ်ပိုင် ခဲရှာသူများကဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့က အောက်ဟိန္ဒားရွာနေ အသက် ၅၀ ကျော်အရွယ် ပျူစောထီးအဖွဲ့ဝင် ဦးသိန်းတန်ကို လက်နက်ကိုင်တစ်စုက လာရောက်ဖမ်းဆီးသွားပြီး သြဂုတ်လ ၁၄ ရက်နေ့တွင် အလောင်းလာယူရန် မိသားစုထံ ဖုန်းဆက်အကြောင်းကြားလာကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အလောင်းလာယူဖို့ ပထမဖုန်းဆက်လာတာက ကရင်အသံနဲ့။ သူတို့( ပျူစောထီးမိသားစု) ကနားမလည်တော့ ဖုန်းချပစ်လိုက်တယ်တဲ့။ နောက်တစ်ခါဆက်လာမှ ထားဝယ်စကားနဲ့ပြောတာ။ အလောင်းကို (ဟိန္ဒား) သင်္ချိုင်းမှာလာယူဖို့ ပြောတယ်တဲ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

ဦးသိန်းတန်မှာ လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း ရွာသားများကို ရန်ရှာလေ့မရှိကြောင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာတွင်မူ အခြားပျူစောထီးအဖွဲ့ဝင်တို့နှင့်အတူ လမ်းပြလိုက်ပေးလေ့ရှိကြောင်း ဒေသခံများကဆိုသည်။

ဦးသိန်းတန်ပစ်သတ်ခံရပြီးနောက် ဒေသခံတစ်နိုင်တစ်ပိုင် ခဲရှာဖွေသူများမှာ အလုပ်မသွားရဲဘဲ ဖြစ်နေကြောင်း အခြားဒေသခံတစ်ဦးကဆိုသည်။

“မနေ့ကတော့ ခဲလုပ်သမားတွေ ၃၀ လောက်ရှိတယ်။ ပြန်ပြေးလာကြတာ။ (စစ်ကောင်စီတပ်က) ဖမ်းနေတယ်ဆိုပြီးပြေးလာကြတာ” ဟု အခြားဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

ဟိန္ဒားကျေးရွာတွင် ခဲတူးဖော်နေသည့် မြန်မာပွန်ပီပက်( MPC) ကုမ္ပဏီ ထွက်ခွာသွားပြီးနောက် အလုပ်လက်မဲ့ဖြစ်နေသူတို့က တစ်နိုင်တစ်ပိုင်ခဲရှာပြီး လုပ်ကိုင်စားသောက်နေကြကြောင်းဆိုသည်။

၂၀၂၀ ခုနှစ်တွင် မြန်မာပွန်ပီပက်ကုမ္ပဏီ ထွက်ခွာသွားခြင်းဖြစ်သည်။

ယင်းနောက် ၂၀၂၃ ခုနှစ်တွင် ဟိန္ဒားခဲသတ္တုမိုင်းပြည်လည်ပတ်နိုင်ရေးအတွက် စစ်ကောင်စီက ၂ ကြိမ်လာရောက်ကြည့်ရှု့ခဲ့ဖူးကြောင်း ဒေခံအချို့ကဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ဟိန္ဒားမိုင်းကိုလာကြည့်သည့် ယာဉ်တန်းကို တိုက်ခိုက်မှူများပြုလုပ်ခဲ့သည့်အပြင် ဟိန္ဒားသတ္တုမိုင်းကို လျှပ်စစ်ဓာတ်အားပေးနေသည့် ဖောင်းတောရေအားလျှပ်စစ်စက်ရုံကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။

ယင်းနောက်ပိုင်း စစ်ကောင်စီက ဟိန္ဒားသတ္တုမိုင်းကို မလာတော့ကြောင်းဆိုသည်။

သို့သော် ဟိန္ဒားရွာထိပ်ရှိ မြန်မာပွန်ပီပက်သတ္တုကုမ္ပဏီရုံးအဟောင်းတွင်မူ စစ်ကောင်စီတပ်က တပ်စွဲထားကြောင်း ဒေသခံအချို့ကပြောဆိုသည်။

ဟိန္ဒားကျေးရွာသည် ပျူစောထီးအဖွဲ့အခြေစိုက်သည့်ရွာဖြစ်ပြီး မကြာခဏလည်း ပျူစောထီးအဖွဲ့ဝင်များ ဖမ်းဆီးသတ်ဖြတ်ခံရလေ့ရှိသည်။