BREAKING
April 24, 2025

ပလရဲစခန်းက လက်နက်ကြီးဖြင့် ကျေးရွာများဖက်သို့ ပစ်ခတ်

August 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလရဲစခန်းက လက်နက်ကြီးဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျေးရွာများဖက်သို့ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။  

ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီခွဲဝန်းကျင်မှစတင်ပြီး အနီးအနား ကျေးရွာများဖြစ်သည့် ဇရပ်ဆိပ်ရွာ၊ ဘိုင်းပြင်ရွာများဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

“ခေါင်းပေါ်ကကျော်ကျော်ပြီး လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ထမင်းစားစရာတောင် လုပ်နေလို့မရဲဘူး။ အိမ်အောက်မှာ ဆင်းထိုင်နေရတယ်” ဟု ပလမြို့၊ မင်းပြင်ရွာတွင်နေထိုင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပလမြို့တွင် ယခင်က ဆိုင်ကယ်ပြင်ဆိုင်ဖွင့်လှစ်ထားသူ ကိုမျိုးမင်းဦး၏ နေအိမ် ယနေ့နံနက် ၉ နာရီဝန်းကျင်က မိုင်းဆွဲခံရပြီးနောက် နာရီဝက်ခန့်အကြာတွင် ရဲစခန်းက အထက်ပါကျေးရွာများဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“မျိုးမင်းဦး ကအရင်ကဆိုင်ကယ်ပြင်တယ်။ ခုကအိမ်မှာ မနေဘူး ရဲစခန်းမှာနေတယ်။ စစ်တပ်အတွက် အလုပ်လုပ် ပေးနေသူပေါ့” ဟု ပလမြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

နံက် ၉ နာရီခွဲမှ ၁၀ နာရီကျော်သည်အထိ လက်နက်ကြီး ရှစ်လုံးခန့် ပစ်ခတ်ခဲ့ပြီး လက်ရှိတွင် ပစ်ခတ်သံများ ရပ်နားနေသည်ဟု ဒေသခံအချို့က နံနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ပြောဆိုထားသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရခြင်း ရှိမရှိအခြေအနေကို Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် ညကလည်း ပုလောမြို့၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း နေအိမ် မီးရှို့ခံခဲ့ရပြီး စစ်ကောင်စီတပ်က ပုလောချောင်းရိုးတလျှောက်ရှိ နတ်အိမ်ကမ်းနှင့် မှော်ကြောင်းရွာများဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ပုလောမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး နေအိမ်အချို့ မီးရှို့ခံရခြင်း၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များနှင့် ကျေးရွာများရှိ ပျူစောထီးစခန်းများ အတိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ် နေသည်။