BREAKING
December 22, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

July 15, 2024

[အခန်း ၆]

ကြည်ကြည်က အသက်ရှင်သန်ချိန်၏ နောက်ဆုံးစက္ကန့်များကို တုန်လှုပ်စွာဖြင့် မှတ်နေလိုက်၏။

တစ်၊ နှစ်၊ သုံး။

“ဟေ့ . . . သူ့ကို ကြိုးဖြည်ပေးလိုက်ကွာ”

ထိုအခါမှ ကြည်ကြည်ဆွေ သက်ပြင်းချမိတော့သည်။

“သွား . . . ဆိုင်ကယ်ကို ခင်ဗျားမောင်း . . . ကျုပ်ပြတဲ့လမ်းအတိုင်းမောင်းနော် . . . တစ်ခုခုကြံစည်လို့ကတော့ . . . နောက်ကနေ ခေါင်းပွင့်အောင် ပစ်ထည့်လိုက်မှာ”

ကြည်ကြည်ဆွေက ဆိုင်ကယ်ကို စက်နှိုးလိုက်၏။ မောင်ရိန်က သူမ၏ နောက်မှ ခွထိုင်သည်။

ခြောက်လုံးပြူးသေနတ်ကမူ ကြည်ကြည်ဆွေ၏ နောက်စေ့ကို တေ့ထားဆဲ။

မောင်ရိန်က လမ်းညွှန်သည်။ ကြည်ကြည်ဆွေက မောင်းသည်။

“ရှေ့က တောင်ကုန်းဘေးကို မောင်း . . . အဲ့ဒီမှာ လမ်းရှိတယ်”

နာရီဝက်ခန့်မောင်းလာပြီသည့်အခါ ကျန်ရစ်ခဲ့ပြီဖြစ်သည့် စခန်းဆီမှ လက်နက်ကြီးပစ်သံများ ကြားရ၏။

မောင်ရိန်က စခန်းရှိရာသို့ လည်ပြန်ကြည့်လိုက်သည်။

မီးခိုးလုံးကြီးများ မှိုင်းတက်နေသည်ကို တွေ့ရ၏။ သူတို့ စခန်းကို ဝင်မီးရှို့နေကြပြီထင်။ ကျန်သည့်သူများရော ဘေးကင်းကင်းနှင့် လွတ်မြောက်ပါရဲ့လား။

“ရှေ့မှာ ကျွန်မ ဘယ်ဘက်ကွေ့ရမှာလဲ..ဘယ်လား . . . ညာလား”

မောင်ရိန်က အနောက်ဘက်တွင်ကျန်ရစ်သည့် စခန်းဆီသို့သာ အာရုံရောက်နေသည်။

“ဟေ့လူ . . . ဘယ်ဘက်ကွေ့ရမှာလဲလို့”

ကြည်ကြည်ဆွေ သတိတချက်လွတ်သွားစဉ် ဆိုင်ကယ်က ချိုင့်တစ်ခုကို အရှိန်ဖြင့် ဝင်ဆောင့်မိလိုက်၏။

ဗြိတိန်လုပ် BSA M20 အမျိုးအစားမော်တော်ဆိုင်ကယ်မှာ လေပေါ်သို့ အနည်းငယ် မြောက်တက်သွားသည်။ မြေပေါ်ပြန်အကျတွင် ကြည်ကြည်ဆွေက လက်ကိုင်ကို မထိန်းနိုင်တော့။

“ဝုန်း . . .ဝရော . . . ဝရော”

“……………………”

ကြည်ကြည်ဆွေက သတိရှိရှိဖြင့် မြေကြီးပေါ်သို့ လှိမ့်ချလိုက်သည်။

‌မြေကြီးပေါ်သို့ ဘေးတစ်စောင်းကျသဖြင့် ဘယ်ဘက်လက်မောင်းမှာ အောင့်ခနဲ။

ကြည်ကြည်ဆွေက ချက်ချင်းလူးလဲထလိုက်သည်။

“အား . . . အ . . . အ”

သူမအနောက်ဘက်မှ အသံကြားသဖြင့် ကြည့်လိုက်သည်။

မောင်ရိန်။

ဘယ်ဘက်ခြေထောက်တဖက်ကို ဖိလျက် ညည်းညူနေ၏။ ခပ်လှမ်းလှမ်းတွင် ခြောက်လုံးပြူးသေနတ်။

ကြည်ကြည်ဆွေက မောင်ရိန်နားသို့ လျှောက်သွားကာ ခြောက်လုံးပြူးသေနတ်ကို ကောက်လိုက်သည်။

ထို့နောက် မောင်ရိန်၏ နဖူးကို တေ့လိုက်သည်။

“ကဲ . . . ရှင်ကြီးပဲ . . . ကျွန်မကို သေနတ်နဲ့ ထောက်လာတာ . . . ဒီတခါ ရှင့်အလှည့်ပေါ့ . . . ကဲ . . . ပြော.ကျွန်မ တူမလေး . . . မိုးကြည် ဘယ်မှာလဲ”

မောင်ရိန်က နာကျင်နေသည့်ကြားမှ ကြည်ကြည်ဆွေကို မော့ကြည့်လိုက်သည်။

“ကျွန်မ က သေနတ်ပစ်တာကို စနစ်တကျသင်လာတာ . . . ကောင်းကောင်းပစ်တတ်တယ်နော်”

မောင်ရိန်က သေနတ်ပြောင်းကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

“ပစ်လိုက်တော့ . . . အနောက်က စစ်ကြောင်းက မီလာရင် . . . ငါ့ကို သူတို့ နှိပ်စက်ပြီး သတ်ကြလိမ့်မယ် . . . ငါ့ကို ပစ်သတ်ပြီး . . . မင်းအမြန်ပြေးတော့. စစ်တပ်က မင်းကို မိရင်လည်း မသင်္ကာမှုနဲ့ အရှင်ထားမှာမဟုတ်ဘူး . . . ပြီးတော့..မိန်းကလေးဆို သူတို့က . . . ဒီကနေ ညာဘက်လမ်းအတိုင်း တည့်တည့်ဆင်းသွား . . . ချောင်းရိုးလေးတစ်ခုကို ကျော်လိုက်ရင်.သရက်ချောင်းကို တက်တဲ့ ကားလမ်းမရောက်မယ် . . . .လုပ်တော့..မြန်မြန်.”

ကြည်ကြည်ဆွေက သေနတ်ခလုတ်ပေါ် လက်ကို တင်လိုက်၏။

မောင်ရိန်က ကြည်ကြည် ၏ မျက်လုံးများကို စူးစူးစိုက်စိုက်ကြည့်နေသည်။

“ပစ်လေ . . . အချိန်မရှိဘူး . . . မြန်မြန်ပစ်”

ကြည်ကြည်က သေနတ်မောင်းကို ညှစ်ချလိုက်သည်။

“ဒိုင်း”

မောင်ရိန်လွင့်ထွက်မသွား။ နားနှစ်ဖက်သာ အူသွား၏။

ကြည်ကြည်က သေနတ်ပြောင်းကို မိုးပေါ်သို့ ထောင်ကာ ပစ်ချလိုက်ခြင်းပင်။

“ဟ . . . ဘာဖင်ယားတာလဲ . . . သေနတ်သံကြားရင် ဟိုကောင်တွေ ရောက်လာတော့မယ်”

“ကျွန်မ တူမ ဆီကို ကျွန်မရောက်အောင်သွားမယ်..ရှင်သေလို့ မဖြစ်သေးဘူး . . . စစ်တပ်က အမိမခံချင်ရင်.ကျွန်မတူမရှိတဲ့နေရာကို ကျွန်မကို အခုခေါ်သွားပေး . . . ထ”

ကြည်ကြည်ဆွေက သေနတ်ကို လက်တွင် ကိုင်ထားလျက်မှ လဲကျနေသော ဆိုင်ကယ်ဆီ ပြေးသွားလိုက်သည်။

ထို့နောက် ဆိုင်ကယ်ကို ထူကာ ဒေါက်ထောက်လိုက်၏။

“ထလေ . . . ဘာလုပ်နေတာလဲ”

“ကျုပ်.ခြေထောက် . . . အား . . . အ . . . ထမလို့မရဘူး”

“အာ . . . အရေးထဲ . . . လာ . . . ကျွန်မ တွဲမယ်”

ကြည်ကြည်ဆွေက မောင်ရိန်နားသို့ရောက်လာကာ မောင်ရိန်၏ ခြေထောက်ကို သေချာကြည့်လိုက်သည်။

“ကျိုးတော့မကျိုးပါဘူး . . . အဆစ်လွဲသွားတာလောက်ပါ . . . ခဏနေဦး”

မော်တော်ဆိုင်ကယ်ရှိရာသို့ ပြေးသွားသည်။ ဆိုင်ကယ်ဘေးဘက်ရှိ အိတ်ထဲမှ တောလိုက်ဓားတစ်ချောင်းကို ထုတ်လာ၏။

ထို့နောက် အနီးရှိ ဝါးရုံပင်စုဆီသို့ သွားကာ ဝါးတစ်ချောင်းကို အမြန်ခုတ်လိုက်သည်။

ဝါးကို မောင်ရိန်အနီးပစ်ချလိုက်၏။

“ရှင် အင်္ကျီ မြန်မြန်ချွတ်”

“ခင်ဗျား . . . ခင်ဗျား . . . ဘာလုပ်မလို့လဲ..”

“အရေးထဲ စိတ်ကူးက ယဉ်နေပြန်ပြီ . . . ရှင့်ကို ကျွန်မက ဘာလုပ်ရမှာလဲ . . . ရှင့်ခြေထောက် အရေးပေါ် ကြပ်စည်းထားဖို့ အဝတ်စလိုတယ် . . . ချွတ် . . . ခုချွတ်”

မောင်ရိန် အင်္ကျီကို ချွတ်ပေးလိုက်သည်။

ကြည်ကြည်ဆွေက ဓါးဖြင့် အင်္ကျီကို ပတ်တီးစပုံစံ ဖြစ်အောင် ဖြဲလိုက်၏။

ထို့နောက် မောင်ရိန်၏ ခြေထောက်ကို ဝါးဖြင့်ခံကာ ကြပ်စည်းပေးလိုက်သည်။

အချိန်ကား မိနစ်ပိုင်းခန့်သာ ကြာမြင့်သည်။

မောင်ရိန်က ကြည်ကြည်ဆွေ လုပ်ပုံကိုင်ပုံများကို တအံတဩကြည့်နေလိုက်၏။

“ကဲ . . . ရပြီ..ဆိုင်ကယ်ပေါ်ကိုတော့ ကျွန်မ တွဲတင်မှရမယ် . . . ရှင် အဆင်ပြေသလိုလိုက်ခဲ့ပေါ့”

ကြည်ကြည်ဆွေက မောင်ရိန်၏ ညာဘက်လက်အောက်သို့ သူမ ပုခုံးကို လျှိုသွင်းလိုက်သည်။

“ထ . . . ထကြည့်”

“အ . . . ရတယ် . . . ရပြီ”

ကြည်ကြည်ဆွေက မောင်ရိန်ကို ဆိုင်ကယ်ဆီသို့ တွဲခေါ်သွားသည်။

ချွေးသံတရွှဲရွှဲကြားမှ ကြည်ကြည်ဆွေ၏ ကိုယ်သင်းရနံ့လေးတစ်ခုကို မောင်ရိန် တစ်ချက်တစ်ချက်ရနေ၏။

“ဒီဘက်ခြေထောက်က ခွထားနော် . . . ကျွန်မ ‌ရှေ့က မောင်းမယ်.”

မောင်ရိန်ကို ဆိုင်ကယ်ပေါ် တင်ပြီးနောက် ကြည်ကြည်ဆွေက စက်နှိုးလိုက်သည်။

“သေချာကိုင်ထား”

ဆိုင်ကယ်က ဝုန်းခနဲ ဆောင့်ထွက်။

ခြေထောက်တစ်ဖက်တန်းတန်းကြီးဖြစ်နေသော မောင်ရိန်က ကြည်ကြည်ဆွေ၏ ခါးမှ အင်္ကျီစကို အလန့်တကြားဆွဲလိုက်သည်။

“ရတယ် . . . ကျွန်မ ခါးကို ဖက်ထား . . . ခုနလိုတော့ နှာတွေးမတွေးနဲ့နော် . . . ဒုက္ခိတက ဒုက္ခိတလိုတွေး . . . မဟုတ်ရင် . . . ဆိုင်ကယ်ပေါ်က ကန်ချခဲ့မှာ”

……………………………………………..

ဗမာ့တပ်မတော်မှ တမိုးနိုင်စစ်ဆင်ရေးဟု အမည်ပေးထားသော ထိုစစ်ဆင်ရေးသည် ဗမာပြည်ကွန်မြူနစ်ပါတီ ထားဝယ်ခရိုင်၏ မဟာမိတ်ဖြစ်သော ထားဝယ်အမျိုးသမီးသမဂ္ဂ၏ ဝါဒဖြန့်ချိရေးဌာနကို ဝင်ရောက်စီးနင်းခြင်းပင်။

ထားဝယ်အမျိုးသမီးသမဂ္ဂနှင့်အတူ လုံခြုံရေးအတွက်ထားရှိသော ဗကပတပ်စိတ်တစ်စိတ်လည်း ထိုစခန်းတွင်ရှိနေသည်။

ဝါဒဖြန့်ချိရေးဌာနဖြစ်သည့်အတွက် လက်နှိပ်စက်နှင့် ပုံနှိပ်စက်များကို စစ်တပ်မှ သိမ်းဆီးရမိခဲ့သည်။

ဝါဒဖြန့်ချီရေးမှူး အပါအဝင် အမျိုးသမီးလေးဉီးအဖမ်းခံခဲ့ရပြီး ကျန်သူများ လွတ်မြောက်သွားကြ၏။

အမျိုးသမီးရဲဘော်နှစ်ဦးနှင့် ဗကပရဲဘော်တစ်ဦးမှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြသည်။

တပ်ရင်း(၆)တပ်ရင်းမှူး က ပြာပုံအတိသာရှိတော့သော စခန်းကုန်းပေါ်သို့ ကျေနပ်အားရမှုအပြည့်ဖြင့် လှမ်းတက်လာ၏။

“ကောင်မတွေ . . . ဘယ်နှကောင်မိလဲ”

“လေးယောက်ပါ ဗိုလ်မှူး”

“ဒီကောင်မတွေကို သေချာစစ်စမ်း . . . သူတို့ရိက္ခာအတွက် တောထဲမှာ တောင်ယာတွေ လုပ်ထားတယ်သတင်းရတယ် . . . နောက်ပြီး သူတို့စည်းရုံးထားတဲ့ ရွာတွေစာရင်း . . . ငါလိုချင်တယ်”

သူ့နံဘေးမှ ကိုယ်ရေးအရာရှိက ဖြေလိုက်သည်။

“ဗိုလ်မှူး . . . စစ်ရုံးက ကြေးနန်းဝင်လာပါတယ် . . . ခင်ဗျာ”

အရေးတကြီးပြေးလာသော ဆက်သွယ်ရေးတပ်ကြပ်ကြောင့် သူတို့နှစ်ယောက် ပြောလက်စ စကားကိုရပ်လိုက်ကြသည်။

“သတင်းပို့”

“တပ်မ‌တော်ထောက်လှမ်းရေးက ဗိုလ်မှူးကြီးမောင်မောင် ဆီက တိုက်ရိုက်လာတဲ့ အမိန့်ပါ . . . အမေရိကန်နိုင်ငံက စစ်သင်တန်းဆင်းလာတဲ့ အမျိုးသမီးစစ်မှုထမ်းတပ်က ဗိုလ်ကြီးကြည်ကြည်ဆွေ ဟာ ခွင့်နဲ့ ထားဝယ်ကိုရောက်လာပြီး . . . သရက်ချောင်းကနေ ဝင်းဝ ရွာတဝိုက်မှာ ပျောက်ဆုံးသွားတယ်လို့ MI က သိထားပါတယ် . . . အဲ့ဒါ သူဟာ ရန်သူနဲ့ပူးပေါင်းသွားတာလား . . . ဒါမှမဟုတ် ရန်သူက ဖမ်းဆီးသွားတာလားဆိုတာသိဖို့ သတင်းကို အမြန်ဆုံးအတည်ပြုပြီး အစီရင်ခံပေးပါတဲ့”

တပ်ရင်းမှူးက သူ့လက်ထဲမှ ဘယ်ရီကတ်ဦးထုတ်ကို ခေါင်းပေါ်တွင် ဆောင်းလိုက်သည်။

ထို့နောက် ဝင်းဝရွာဘက်ဆီသို့ မျှော်ကြည့်လိုက်၏။

“ကဲ . . . ဒုရင်းမှူးနဲ့အဖွဲ့ ဒီကုန်းနဲ့ အနီးတဝိုက်ကို ရှင်းဖို့လုပ် . . . ငါနဲ့ စစ်ကြောင်းတစ်က . . . အခုပဲ . . . ဝင်းဝ ကို ပြန်ဆင်းကြမယ်”

……………………………………………..

သွေးခဲများက မြေကြီးပေါ်သို့ ပျစ်ခနဲ ထွက်လာသည်။

“အဟွတ် . . . အဟွတ် . . . အဟွတ် . . . ကျွန်တော်သိတာ . . . ဒါအကုန်ပါပဲ . . . ဗိုလ်ကြီးတို့ရယ် . . . ကျွန်တော် နာလှပါပြီဗျာ . . . တော်ကြပါတော့ . . . ရှိခိုးပါရဲ့ဗျာ”

ငှက်ဖျားရောဂါသည် ကိုမောင်ကျောက်က မြေကြီးပေါ်တွင် မှောက်ခုံလဲနေရာမှာ တတွတ်တွတ်ပြောနေသည်။

သူ၏ ခေါင်းပေါ်မှ ခပ်ကြဲကြဲဆံပင်တို့မှာ ဖုန်မှုန့်၊ သွေးစတိုဖြင့် လူးလျက်။

“ဂု”

နောက်ထပ် သေနတ်ဒင်တချက်က မောင်ကျောက်၏ ကျောကုန်းပေါ်သို့ ကျလာပြန်သည်။

“ထစမ်း . . . ထ . . . ဒူးပြန်ထောက်စမ်း . . . ဟေ့ကောင်”

‌မောင်ကျောက်မှာ တုန်တုန်ချိချိဖြင့် ဒူး‌ထောက်ရန် ပြင်လိုက်၏။

နဘေးရှိ ဒူးထောက်နေသော ရွာသားများလည်း ခေါင်းပင် မော်မကြည့်ရဲကြ။

“ဗိုလ်ကြီးကြည်ကြည်ဆွေ ဘယ်မှာလဲ . . . မင်းတို့ရွာကို ရောက်ပြီးမှ ပျောက်သွားပါတယ် . . . မသိပါဘူးဆိုတာ ငါတို့ လက်မခံနိုင်ဘူး . . . ပြောရင်ပြော . . . မဟုတ်ရင် . . . တစ်ရွာလုံး မီးတိုက်ပစ်မယ်”

တပ်ရင်းမှူးက ခါးကြားမှ ပစ္စတိုသေနတ်ကို ထုတ်ကာ မောင်းတင်လိုက်သည်။

“မောင်ကျောက် . . . . မင်းအိမ်ကနေ နောက်ဆုံးထွက်သွားတာ . . . မင်းသိကို သိရမယ် . . . ဟေ့ကောင်”

“ခုန ကျွန်တော်သိတာအကုန် ပြောပြပြီး . . . ”

“ဒိုင်း”

ကိုမောင်ကျောက်၏ ဦးနှောက်များက မြေကြီးပေါ် ပြန့်ကျဲထွက်သွား၏။

“ကိုမောင်ကျောက် . . . ကိုမောင်ကျောက် . . . အံမယ်လေး”

ဒူးထောက်ထိုင်နေသည့် ရွာသားများကြားထဲမှ ကိုမောင်ကျောက်၏ ဇနီးသည်က ထွက်လာသည်။

“‌ဟေ့ . . . ငြိမ်ငြိမ်နေစမ်း . . . ပစ်သတ်လိုက်ရမလား”

“ကျွန်မ သူ့မိန်းမပါရှင် . . . ကျွန်မ သူ့မိန်းမပါ”

တပ်ရင်းမှူး၏ သေနတ်ပြောင်းက မောင်ကျောက်၏ ဇနီးဘက်လှည့်သွား၏။

“ပြောစမ်း . . . ဗိုလ်ကြီးကြည်ကြည်ဆွေကို ခင်ဗျားတို့ ဘာလုပ်လိုက်လဲ . . . ပြောစမ်း . . . မပြောရင် . . . ခင်ဗျားပါ ခင်ဗျား ယောက်ျားနောက်လိုက်သွားရမယ်”

မောင်ကျောက်၏ ဇနီးမှာ ယောက်ျားဖြစ်သူ၏ ပုံပျက်ပန်းပျက်အလောင်းကိုကြည့်ကာ မှင်သက်နေသည်။

“ဟဲ့ . . . ဗိုလ်မှူးမေးနေတာ . . . ဖြေလေ . . . မသာမ”

အနီးမှ စစ်သားတစ်ဦးက ကျောကုန်းကို စောင့်ကန်လိုက်၏။

“သူ . . . သူ . . . သီလရှင်ကြီးကျောင်းမှာ..”

“သီလရှင်ကြီးဆိုတာ ဘယ်သူလဲ . . . ဘယ်သူလဲ”

“ဒေါ်သုဝတီပါ . . . ဘုန်းကြီးကျောင်းတောင်ဘက်က သူ့တဲပါ . . . အဲ့ဒီကျောင်းထဲမှာ သူ့ဆိုင်ကယ်ရပ်ထားတာကို မြင်လိုက်သူတွေ ရှိပါတယ်”

“ခင်ဗျား . . . အဲ့ဒီသီလရှင်ကျောင်းကို အခုလိုက်ပြ”

……………………………………………..

ခဏအကြာတွင် သေနတ်သံများကြားလိုက်ရသည်။

ကိုမောင်ကျောက်၏ အလောင်းကို သယ်ယူရန်ပြင်နေကြသော ရွာသားများမှာ သေနတ်သံကြားရာဘက်ဆီသို့ ကြည့်လိုက်ကြ၏။

ဒေါ်သုဝတီ၏ သီလရှင်ကျောင်း ဘက်ဆီမှ တက်လာသည့် မီးတောက်မီးလျှံများ။

ခက်ဇော်

အခန်း ၇ ကိုဆက်လက်ဖတ်ရှုရန် > > >