BREAKING
January 17, 2025

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မော်တုံးရွာက အမျိုးသမီးတစ်ဦးသေဆုံး

July 15, 2024

တနင်္သာရီမြို့နယ် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် မော်တုန်းကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီအမြောက်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ဇူလိုင်လ ၁၅ရက် နေ့လည် ၁၂နာရီဝန်းကျင်တွင် လက်နက်ကြီး ခုနစ်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းလက်နက်ကြီးကျည်များမှာ မော်တုန်းကျေးရွာအုပ်စုအတွင်းသို့ ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရှေ့မော်တုန်းကျေးရွာအုပ်စု ကမ်းရိုးတန်း- ၂ ရွာတွင် နေထိုင်သည့် အသက် ၄၂ အရွယ် ဒေါ်မီးငယ် ကျည်စ ထိမှန်ပြီးသေဆုံးသွားကြောင်း မော်တုန်းရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“သူ့အသိနာရေးအိမ်ကိုအသွား အန္ဒာပြင်(ရွာ)က သူ့အဖေအိမ်ထဲ ဝင်နားနေတဲ့အချိန်မှာ လက်နက်ကြီးက ကျသွားတာမျိုးပါ” ဟု ၎င်းက ပြောသည်။

ပထမဆုံး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲချိန်မှာပင် ဦးခေါင်း၊ ရင်ဘတ်နှင့် လက်မောင်းကို ထိမှန်သွားပြီး ယင်းဒဏ်ရာများဖြင့် မွန်းလွဲပိုင်းတွင် သေဆုံးသွားကြောင်း အထက်ပါ အမျိုးသမီးက ပြောဆိုသည်။

တနင်္သာရီမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ ရပ်ရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားသေဆုံးမှုများ ဆက်တိုက်ရှိနေသည်။၊

ထိုသို့ လုပ်ဆောင်နေခြင်းမှာ နိုင်ငံတကာစစ်ရာဇဝတ်ဥပဒေများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇူလိုင်လ ၁၃ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အတွင်းရှိ အနောက်သာရဖုံနှင့် ပဝကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်သောကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားသည်။