ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် နွားအကောင် ၂၀ ကို တရားမဝင် သယ်ဆောင်လာသော မြန်မာနိုင်ငံသား ငါးဦး ယနေ့ ဇူလိုင် ၁၅ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ကရင်ပြည်နယ်နှင့် ထိစပ်နေသော တာခ့်ခရိုင် ထာ့ဆောင်ယမ်ဒေသတွင် ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့်နေစဉ် စမ်းချောင်းထဲတွင် နွားများသယ်ဆောင်လာသော မသင်္ကာစရာ လူအုပ်စုကို တွေ့ရှိခဲ့သဖြင့် ခေါ်ယူစစ်ဆေးစဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း ဆိုသည်။
အာဏာပိုင်များ လာရောက်စစ်ဆေးချိန် လူအုပ်စုမှာ ထွက်ပြေးခဲ့ကြသဖြင့် နောက်က လိုက်လံဖမ်းဆီးရာမှ မြန်မာအမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူများသည် အသက် ၂၀ မှ ၅၀ အရွယ်များ ဖြစ်ကြပြီး အားလုံးသည် နေထိုင်ခွင့် စာရွက်စာတမ်းများ မရှိကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံသားများကလည်း နွားများကို ကရင်ပြည်နယ်မှတစ်ဆင့် ယူဆောင်ခိုးသွင်းလာခဲ့ခြင်းဖြစ်ပြီး ပို့ခအနေဖြင့် တစ်ကောင်ကို ဘတ် ၂၅၀ နှုန်းဖြင့် ဘတ်ငါးထောင် ရရှိမည်ဖြစ်ကာ သတ်မှတ်နေရာ မရောက်မီ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဝန်ခံထားကြောင်း သတင်းများက ဆိုသည်။
ထို့ကြောင့် ထိုင်းအာဏာပိုင်များက နွားများကို သိမ်းဆည်းခဲ့ပြီး မြန်မာနိုင်ငံသားများကို တိရစ္ဆာန် တရားမဝင် တင်သွင်းမှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Khaosod, Banmuang, CH 7