လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို ယနေ့ ဇူလိုင်လ ၁၅ ရက် နံနက်စောစောတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက်စစ်ကြောင်းဝင်ရောက်ကာ တပ်ဖြန့်နေရာယူထားကြောင်း ဒေသခံများကပြောသည်။
ထားဝယ်မြို့ဘက်မှ ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး အင်းဇောက်၊ သဗျာ စသည့် ကျေးရွာများအနီး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတို့က ဆိုသည်။
လက်နက်ကြီးကျည်စထိမှန်ကာ အသက် ၅၀ ကျော်အရွယ် သဗျာရွာသားအမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
“အရှေ့သဗျာရွာမှာ တစ်လုံးကျတယ်။ အိမ်ကြားထဲကျသွားတာ ဒဏ်ရာရသူရှိတယ်။ စိုးရိမ်စရာတော့ မရှိဘူးလို့သိရတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် အင်းဇောက်၊ သဗျာရွာတို့သို့ စစ်ကောင်စီတပ် စစ်ကြောင်းတို့ ရောက်ရှိလာကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
ထားဝယ်ဘက်မှလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှာ ဇူလိုင်လ ၁၃ ရက်မှစတင်ကာ လောင်းလုံးမြို့နယ်ထဲတွင် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဇူလိုင်လ ၁၄ ရက်တွင် ပန်းဒလဲရွာသို့ ရောက်ရှိနေကြာင်း ဒေသခံတို့က ဆိုသည်။
ပန်းဒလဲရွာသို့ စစ်ကြောင်းဝင်ရောက်ချိန် နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးကာ ဒေသခံ လေးဦးကို ဖမ်းဆီးပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“ဖမ်းထားတဲ့သူတွေလည်း ညနေပိုင်းပြန်လွတ်လာတယ်တဲ့” ဟု ၎င်းဒေသခံက ပြောသည်။
ပန်းဒလဲရွာနှင့် ယနေ့ စစ်ကြောင်းဝင်လာသည် အင်းဇောက်၊ သဗျာရွာတို့မှာ အနီးဝန်းကျင် ကျေးရွာများဖြစ်သည်။
လောင်းလုံးမြိုနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နယ်မြေလုံခြုံရေးတိုးမြှင့်ဆောက်ရွက်မည်ဖြစ်ကြောင်း ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက် ထွက်လာပြီးနောက် စစ်ကောင်စီက လောင်းလုံးမြို့နယ်ရှိကျေးရွာများကို ဇူလိုင်လ ၁ ရက်နေ့မှစပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို့ စစ်ရေးလှုပ်ရှားမှုများလည်း ရှိလာသည်။
ဇူလိုင်လ ၁၁ နေ့တွင် လောင်းလုံးမြို့ရှိ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်များ သဗျာရွာသို့ ရောက်ရှိလာပြီး နှစ်ဖက် ထိတွေ့မှုဖြစ်ခဲ့ကာ အဆိုပါရွာကအမျိုးသမီးငယ်တစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်။
ဇူလိုင်လ ၁ ရက်ကစပြီး ယနေ့အထိ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ လောင်းလုံးဒေသခံမှာ လေးဦးအထိ ရှိလာပြီး နေအိမ် သုံးဆောင်ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။