BREAKING
January 16, 2025

လောင်းလုံးအောက်ဖက် သကျက်တောရွာကို စစ်ကောင်စီတပ် ‌စစ်ကြောင်းထိုးဝင်ရောက်နေ

July 15, 2023

လောင်းလုံးမြို့မှ အောက်ဘက် ၁၇ မိုင်ခန့်အကွာ သကျက်တောကျေးရွာသို့ စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၁၅ ရက် ညနေပိုင်းမှစပြီး စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံအချို့ကပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်များ အဆက်မပြတ်ပစ်ခတ်ပြီး ရွာထဲဝင်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယခုည ၈ နာရီကျော်မှစပြီး ပစ်ခတ်သံများမကြားရတော့ဘဲ ငြိမ်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့က နေ့လယ်ကတည်းက သတင်းတွေကြားနေတာ။ ဒီကို (သကျက်တောရွာကို) လာမယ်ဆိုပြီး။ အဲဒီကတည်းက ရွာထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာ” ဟု ၎င်းက ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် စစ်ကြောင်းထိုးဝင်ရောက်လာသည်ကို မသိရဟုလည်း ဆိုကြသည်။

ထားဝယ်သပိတ်ကော်မတီကလည်း အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ရဘဲကျေးရွာမှတစ်ဆင့် သကျက်တောကျေးရွာသို့ ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။

အနီးအနားရှိ ပြည်သူများအနေဖြင့် တန်ဖိုးကြီးပစ္စည်းများ၊ အရေးကြီး စာရွက်စာတမ်းများကို လုံခြုံစွာ သိမ်းဆည်းထားရန်နှင့် မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြရန် တိုက်တွန်းထားသည်။

သကျက်တောကျေးရွာသည် ယခင်က ရဲစခန်းအခြေစိုက်ကျေးရွာဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဆိုပါရဲစခန်းအား မကြာခဏလာရောက်တိုက်ခိုက်သဖြင့် ယခုနှစ် ဇန်နဝါရီလတွင် စခန်းစွန့်ခွာထားရစ်ခဲ့သည်။

ယင်းအချိန်ကစပြီး ကြီးကြီးမားမား စစ်ရေးတင်မာမှုမရှိတော့ဘဲ ယခုတစ်ဖန် စစ်ကောင်စီတပ်က တစ်ကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။