BREAKING
January 16, 2025

ထားဝယ်ရေနက်ဆိပ်ကမ်း အနီးဝန်းကျင်ကို စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံဆယ်ဦးခန့်ဖမ်းထား

July 15, 2023

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ရှိရာ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံဆယ်ဦးခန့်ကိုလည်း ဖမ်းဆီးထားသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယနေ့ လဲရှောင်ရွာ၊ ခမောင်းချောင်းရွာမှ ဒေသခံဆယ်ဦးကျော်ကို ဖမ်းဆီးထားကြောင်း၊ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

“အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ခဲ့တယ်။ အမျိုးသားတွေကိုပဲဖမ်းသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့ည ကဖမ်းဆီးလာသည့် လဲရှောင်ရွာသားသုံးဦးထဲမှ အမျိုးသမီးတစ်ဦးကိုလည်း ခမောင်းချောင်းရွာတွင် ပြန်လွှတ်ပေးခဲ့သည်ဟုသိရသည်။

ဖမ်းဆီးခံရသူများမှာ စစ်ကြောင်းဝင်လာသည့်သတင်းကြောင့် ထွက်ပြေးခဲ့သော်လည်း လမ်းတစ်နေရာတွင် စစ်ကြောင်းနှင့် တိုက်ရိုက်တိုးမိပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဆိုသည်။

“သူတို့ရွာလမ်းအတိုင်းဝင်လာတာမဟုတ်ဘူး တောလမ်းအတိုင်းလာတာ “ဟု‌‌အခြားဒေသခံကဆိုသည်။

နဘုလယ်ဒေသသို့ စစ်ကြောင်းဝင်ပြီး နှစ်ရက်အကြာ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မရင်းကြီး၊ပရဒပ်၊ လဲရှောင်၊ထိန်ကြီးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်ဟုသိရသည်။

“ရွာမှာတော့ အိမ်တံခါးတွေ ဖွင့်ထားပါ ထွက်မပြေးနဲ့ သူတို့ကို ဘာမှမလုပ်ရင် သူတို့ကလည်း ဘာမှလုပ်မှာမဟုတ်ကြောင်း ပြောသွားတာတွေရှိတယ်”ဟု အမည်မဖော်လိုသည့် နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၁ ရက်က စစ်ကားခုနှစ်စီးဖြင့် ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေဇုန် ဧရိယာထဲရှိသော ရေနက်ဆိပ်ကမ်း တပ်စခန်းကိုသွားသည့် လမ်းပိုင်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက် ခံခဲ့ရသေးသည်။

ပြီးခဲ့သည့် မေလ ဒုတိယအပတ်ကလည်း နဘုလယ်ဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံများကို ဖမ်းဆီးခဲ့သေးသည်။

စစ်ကြောင်းပြန်ထွက်ချိန်မှသာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့သည်။