BREAKING
April 24, 2025

မြိတ်တွင် ယိုးဒယားရွှေများ အရောင်းရပ်

July 15, 2023

မြိတ်မြို့တွင် ယိုးဒယားရွှေများ ( ထိုင်း‌နိုင်ငံမှ တင်သွင်းသည့် ၉၆၅၊ ၉၉၉၉ အမျိုးအစား လက်ဝတ်ရတနာများ)ကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးမည်ဆိုသော သတင်းကြောင့် ယင်းရွှေများအရောင်းရပ်ထားကြောင်း ‌ရွှေအရောင်းဆိုင်တို့မှ သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးမည့်သတင်းမှာ ဇူလိုင်လ ၁၂ ရက်နေ့က စတင်ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းနေ့မွန်းလွှဲပိုင်းမှစကာ ဆိုင်အချို့ စောစီးစွာပိတ်ခြင်း၊ ယိုးဒယားရွှေများ မရောင်းချပေးခြင်းတို့ ပြုလုပ်ခဲ့ရကြောင်း ရွှေအရောင်းဆိုင်အချို့က ပြောပြသည်။

“မနေ့က ဝင်စစ်မယ်လို့ကြားရတယ်၊ ခုထိတော့ လာမစစ်ကြသေးဘူး” ဟု မြို့သစ်ဈေးရှိ ရွှေဆိုင်ရှင်တစ်ဦးက ပြောသည်။

မြိတ်မြို့တွင် ရွှေရည် ၁၅ ပဲ၊ ၁၆ ပဲရှိ ၉၆၅၊ ၉၉၉၉ ယိုးဒယားရွှေများကို အများဆုံးအသုံးပြုလေ့ရှိကြသည်။

ရွှေရည် ၁၂ ပဲ၊ ၁၃ ပဲ၊ ရှိ ရန်ကုန်ရွှေနှင့် ရွေရည် ၈ ပဲနှင့်အောက်ရှိ မြိတ်ရွှေ တို့အား အသုံးပြုရောင်းချမှုများလည်း ရှိကြသည်။

“ဝင်စစ်မယ်၊ ဖမ်းမယ်ကြားတော့ ယိုးဒယားရွှေက ဘယ်ဆိုင်ကမှ မရောင်းရဲကြတော့ဘူး၊ အပေါင်တောင် လက်မခံတော့ဘူး၊ နားထားရတယ်” ဟု ‌ဆိပ်ငယ်ဈေးကြီးရှိ ရွှေအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

မြိတ်မြို့ရှိ ဆိပ်ငယ်ဈေး၊ အောင်မင်္ဂလာဈေး၊ မြို့သစ်ဈေး၊ တပ်ပြင်ဈေး စသဖြင့် ဈေးတို့တွင် ရွှေအရောင်းဆိုင်များရှိကြသည်။

ယင်းအပြင် ရပ်ကွက်အချို့ရှိ မိန်းလမ်းမတစ်လျှောက်တွင်လည်း ရွှေအရောင်းဆိုင်များ ရှိကြသည်။

“ယိုးဒယားရွှေက အောက်လမ်းကနေဝင်တာပေါ့ အခွန်တွေဘာတွေဆောင်ပြီး ဝင်လာတာမျိုးမဟုတ်ဘူး၊ ဖမ်းဆီးတာကလည်း ဒီတစ်သက်မှာ တစ်ခါမှ မကြုံဖူးဘူး” ဟု ရွှေအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ ယိုးဒယားရွှေများ ဝင်ရောက်စစ်ဆေးဖမ်းဆီးမည့်သတင်းကြောင့် ရွှေဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ဖွယ်ရှိနေကြောင်း ရွှေအရောင်းဆိုင်အချို့က ဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် မြိတ်ရွှေဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်နှစ်သိန်းခြောက်သောင်းငါးထောင်နှုန်း ရှိနေကြောင်း ယင်းဈေးကွက်မှ သိရသည်။