ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇူလိုင်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ
ဆီးရီးယား IS ခေါင်းဆောင်တစ်ဦးကို အမေရိကန် လေကြောင်းက ရှင်းလင်း

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက အစ္စလာမစ်နိုင်ငံတော် တည်ထောင်ရေး IS ခေါင်းဆောင်တစ်ဦးကို အမေရိကန် လေတပ်က ရှင်းလင်းလိုက်ပါတယ်။
ဒါကို အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် က ဇူလိုင်လ ၉ ရက်နေ့က ပြောကြားလိုက်တာပါ။
ဇူလိုင်လ ၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အူစမာ အယ် မူဟာဂျာ (Usamah al-Muhajir) သေဆုံးသွားခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒေသဝန်းကျင်မှာ IS အကြမ်းဖက်အဖွဲ့တွေ ရှုံးသွားဖို့ ဆက်လက် လုပ်ဆောင်မှာဖြစ်တယ်လို့ အမေရိကန်က ဆိုထားပါတယ်။
Ref: The Guardian
………………………………..
အိန္ဒိယနိုင်ငံတွင် ရေကြီးမြေပြိုမှုများကြောင့် အနည်းဆုံး ၄၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၄၁ ဦးသေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ဒေသတွေက ဆေးရုံနဲ့ အဆောက်အဦးတော်တော်များများ ရေဝင်ခဲ့တာပါ။
အိန္ဒိယနိုင်ငံ မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်တွေအရတော့ မြောက်ပိုင်းဒေသတစ်ချို့မှာ မိုးဆက်လက် ရွာသွန်းနေအုံးမယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် မိုးရေချိန်များနေတဲ့ ဒေသတွေက ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။
Ref: CNN
………………………………..
ရွှေ့ပြောင်းလာသူ ၈၆ ဦးကို စပိန်က ကယ်တင်

ရွှေ့ပြောင်းအခြေချသူ အနည်းဆုံး ၈၆ ဦးကို စပိန်နိုင်ငံ Canary ကျွန်းနားမှာ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့မှာ ကယ်တင်ခဲ့ပါတယ်။
ပင်လယ်ထဲ သူတို့လိုက်ပါလာတဲ့ ရာဘာလှေကို စပိန်ကယ်ဆယ်ရေးလေယာဉ်က ရှာဖွေတွေ့ရှိခဲ့တာပါ။
နောက်တော့ ကွန်တိန်နာသင်္ဘောတစ်စီးကို အဲဒီလှေရှိရာဆီသို့ လမ်းကြောင်းပြောင်း မောင်းနှင်စေခဲ့ပါတယ်။
လှေပေါ် လိုက်ပါလာတဲ့သူတွေကို လိုအပ်တဲ့ထောက်ပံ့ရေးတွေ ပြုလုပ်ပေးခဲ့ပြီး သူတို့က ဆီနီဂေါ်ကနေ ထွက်ခွာလာတဲ့ လှေတွေထဲက တစ်စီးဖြစ်ပါတယ်။
သူတို့ကို Gran Canaria ကျွန်းဆိပ်ကမ်းကို ပို့ဆောင်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီပေးခဲ့ပါတယ်။
Ref: Aljazeera
………………………………..
ထိုင်းဝန်ကြီးချုပ် ပရာယွတ် နိုင်ငံရေးလောကမှ အနားယူ

ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီး ၉ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဟာ ရာထူးက အနားယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ပရာယွတ်က United Thai Nation ပါတီကနေလည်း နုတ်ထွက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်ကတော့ သူအုပ်ချုပ်တဲ့ ကာလမှာ အောင်မြင်မှုတွေ ရခဲ့ကြောင်း ပြောဆိုခဲ့တာပါ။
ဝန်ကြီးချုပ်တယောက်အနေနဲ့ နိုင်ငံတော်၊ သာသနာ၊ ဘုရင်စနစ်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ဆိုထားခဲ့ပါတယ်။
သူဟာ အစိုးရသစ်မဖွဲ့မချင်း အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် ယာယီ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
Ref: CNN
………………………………..
နိုင်ငံတော်လျှို့ဝှက်စာတမ်းအမှု နောက်ဆုတ်ပေးရန် သမ္မတဟောင်း ထရမ့် တောင်းဆို

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ရှေ့နေများက သူ့အပေါ်စွဲဆိုထားတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ပတ်သက်တဲ့ အမှုတွေရဲ့ တရားခွင်ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုထားပါတယ်။
သူဟာ ဇူလိုင်လ ၁၀ ရက်နေ့က ဖယ်ဒရယ် တရားသူကြီးတစ်ဦးကို တောင်းဆိုလိုက်တာပါ။
အမှုကိစ္စရပ်တွေကို လေ့လာပြင်ဆင်နိုင်ဖို့ အစိုးရရှေ့နေတွေ တောင်းဆိုထားတဲ့ ဒီဇင်ဘာရုံးချိန်းရက်ထက် ပိုပြီး အချိန်လိုအပ်တယ်လို့ သူ၏ ရှေ့နေ့တွေက ဆိုထားပါတယ်။
အပန်းဖြေ စံအိမ်ကြီးကို ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေ တရားမ၀င်ယူဆောင်သွားမှုအပါအဝင် ဆက်စပ်နေတဲ့အမှု ၃၇ မှုနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါကို အစိုးရရှေ့နေတွေက အမှုကို ပြင်ဆင်နိုင်ဖို့ မူလသတ်မှတ်ထားတဲ့နေ့ထက် ၄ လ ရွှေ့ဆိုင်းပြီး ဒီဇင်ဘာ ၁၁ ရက်အထိ တောင်းဆိုခဲ့လို့ ရွှေ့ပေးပြီးသားဖြစ်ပါတယ်။
ဒီဇင်ဘာရုံးချိန်းက လက်တွေ့မကျလို့ဆိုပြီး ထရမ့်ဘက်က ရက်တိုးထပ်တောင်းထားတာပါ။
Ref: AP
………………………………..
မြောက်ကိုးရီးယားက တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်

မြောက်ကိုးရီးယားနိုင်ငံက နောက်ဆုံးပေါ် Hwasong-18 တိုက်ချင်းပစ် ပဲ့ထိန်းသုံး ဒုံးကျည် (ICBM) ကို ဇူလိုင်လ ၁၂ ရက်နေ့က ပစ်လွှတ်ခဲ့ပါတယ်။
အဆိုပါပွဲကို မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် လမ်းညွှန် တက်ရောက်လာခဲ့ပါတယ်။
ဒီတိုက်ချင်းပစ် ဒုံးကျည်ဟာ မြောက်ကိုရီးယားရဲ့ နျုကလီးယား တိုက်ခိုက်ရေးသုံး လက်နက်ဖြစ်ပါတယ်။
အမေရိကန်ပြည်ထာင်စုနဲ့ တစ်ခြား ရန်ဘက် နိုင်ငံတွေကို သတိပေးတဲ့အနေနဲ့ ပစ်လွှတ်လိုက်တာလို့လည်း ကြေညာထားပါတယ်။
ထိုဒုံးကျည်ပစ်ခတ်မှုကို အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်တွေက တခြားနိုင်ငံတွေနဲ့အတူ ရှုတ်ချခဲ့ကြပါတယ်။
Ref: CNN
………………………………..
ကင်ညာတွင် အခွန်ခ တိုးကောက်သဖြင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမြို့မှာ အခွန်ခတိုးကောက်လို့ ဆန္ဒပြပွဲတွေ တကျော့ပြန်ဖြစ်ပွားလာခဲ့ပါတယ်။
ဓာတ်ဆီစျေးအပါအဝင် အခွန်အခတွေ တိုးမြင့်လာတဲ့အပေါ် ပြည်သူတွေက ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါကို ရဲတပ်ဖွဲ့က နှိမ်နင်းခဲ့လို့ အနည်းဆုံး ၉ ဦးသေဆုံးခဲ့ပါတယ်။ ဥပဒေပညာရှင်တွေအပါအဝင် လူပေါင်း ၃၀၀ ကျော်ကိုလည်း ဖမ်းဆီးထားပါတယ်။
ကင်ညာရဲ့ သမ္မတသစ် ဝီလျံက ပြည်သူတွေကို ဆင်းရဲမှုလျှော့ချရေး ကူညီပေးမယ်လို့ ကတိပေးထားခဲ့တာပါ။
ဒါပေမဲ့လည်း အခွန်အခတွေ တိုးကောက်မယ့် ဆုံးဖြတ်ချက်ကတော့ ကင်ညာပြည်သူတွေအတွက် နေ့စဉ်ဘဝ ပိုမိုခက်ခဲသွားစေတယ်လို့ ဝေဖန်နေကြပါတယ်။
Ref: Aljazeera
………………………………..
အိုက်စလန်မှာ မီးတောင်ပေါက်ကွဲ

အိုက်စလန်နိုင်ငံ မြို့တော် Reykjavik နဲ့ သိပ်မဝေးတဲ့ Reykjanes ကျွန်းဆွယ်မှာ ဇူလိုင်လ ၁၀ ရက်နေ့က မီးတောင်ငယ်တစ်ခု ပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲပြီး မကြာခင် နောက်ဆက်တွဲငလျင်လည်း လှုပ်ခတ်ခဲ့ပါတယ်။
မကြာခဏ မီးတောင်ပေါက်ကွဲနေကြ အရပ်ဒေသဖြစ်တာကြောင့် တစုံတရာထိခိုက်မှုတော့ မရှိခဲ့ပါဘူး။
မီးတောင်ကိုလာကြည့်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ လေ့လာသူတွေ အထူးသတိထားကြဖို့၊ တားမြစ်ချက်တွေလိုက်နာကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
Ref: CGTN
………………………………..
တိုက်တန်းနစ်ထက် ၅ ဆ ပိုကြီးသော ဇိမ်ခံသင်္ဘောကြီး စတင်ရွက်လွှင့်တော့မည်

Royal Caribbean ကုမ္ပဏီက ဖန်တီးလိုက်တဲ့ ဇိမ်ခံသင်္ဘာက တိုက်တန်းနစ်ထက် ၅ ဆ ပိုကြီးပြီး မကြာခင် စတင်ရွက်လွှင့်တော့မယ်လို့ ကြေညာလိုက်ပါတယ်။
ဒီဇိမ်ခံသင်္ဘောကြီးကို ပြီးခဲ့တဲ့လက ပင်လယ်ရေကြောင်းစမ်းသပ်မှုအောင်မြင်စွာ ပြီးဆုံးပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ စတင်အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
Icon of the Seas လို့ခေါ်တဲ့ ဇိမ်ခံသင်္ဘောကြီးက စုစုပေါင်း တန်ချိန် ၂ သိန်းခွဲကျော်ရှိပြီး ပေ ၁၁၀၀ ကျော်ရှည်ပါတယ်။
ခရီးသည် ၅၆၁၀ ဦး နဲ့ သင်္ဘောအဖွဲ့သား ၂၃၅၀ ဦးကို တင်ဆောင်နိုင်ပါတယ်။
သင်္ဘောမှာ ၁၉ ထပ်ရှိပြီး ရေကူးကန် ၇ ခုအပြင် ရေလွှာလျှောစီးလည်း ပါရှိပါနေပါသေးတယ်။
Ref: Yahoo
………………………………..
ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲ ပီထာက လိုလောက်သော မဲအရေအတွက်မရရှိခဲ့

ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဇူလိုင်လ ၁၃ ရက်နေ့က လွှတ်တော်ထဲ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်တွေက မဲပေးရွေးချယ်ခဲ့ကြပါတယ်။
အနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီထာက ဝန်ကြီးချုပ်ဖြစ်ဖို့ မဲအရေအတွက် လုံလုံလောက်လောက် မရရှိခဲ့ပါဘူး။
ဒါကြောင့် ပထမအကြိမ် လွှတ်တော်ထဲ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။
ပီထာဝန်ကြီးချုပ်ဖြစ်ဖို့ အထက်၊ အောက်လွှတ်တော်အမတ်တွေထဲက အနည်းဆုံး ထောက်ခံမဲ ၃၇၅ မဲရရှိဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ သူက ထောက်ခံမဲ ၃၂၄ သာရရှိခဲ့လို့ နောက်တစ်ကြိမ် ဝန်ကြီးချုပ်ကို ထပ်မံရွေးချယ်ရအုံးမှာ ဖြစ်ပါတယ်။
Ref: Aljazeera
………………………………..