ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အနီး ရာဖူးရွာတွင် ယာယီတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်သည်။
ဒရုန်းစစ်ဆင်ရေးကို ဒေါနစစ်ကြောင်း ဗျူဟာ ၃၃ နှင့် ပူးပေါင်းတပ်များဖြစ်သည့် မွန်ပြည်ကာကွယ်ရေးတပ် (MSRF) ၊ ကော်သူးလေတပ်မတော် (K.T.L.A) ၊ မွန်ပြည်သစ်ပါတီ (AD) ၊ အထူးဒရုန်းတပ်ဖွဲ့ (SawDragon Drone Force) ၊ ရေးလေတပ် (Y.A.F) ၊ (ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်) D.N.L.A တို့က ဇွန်လ ၁၁ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါ ဒရုန်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရကြောင်း ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဒရုန်းတိုက်ခိုက်မှုပဲ ရှိပါတယ်။ အပြန်အလှန်ထိတွေ့တာ မရှိခဲ့လို့ မဟာမိတ်တွေဘက်မှာ အထိအခိုက်မရှိဘူး။ စစ်ကောင်စီ ဘက်ကတော့ လက်နက်ကြီး နှစ်ချက်ပြန်ထုတယ် ။ ဒါပေမဲ့ အရပ်သားထိခိုက်တာလည်း မကြားခဲ့ရဘူး” ဟု ဒေါနတပ်ခွဲ ၄ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဇွန်လ ၁၃ ရက်တွင်လည်း အလယ်စခန်းရွာအထိ မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်က နယ်မြေရှင်းလင်းမှု ပြန်လုပ်ထားပြီးဖြစ်၍ လမ်းပိုင်းတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေါနစစ်ကြောင်းထံကသိရသည်။
“လမ်းမပေါ်မှာတော့ စစ်ကောင်စီတပ် မရှိတော့ဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ကင်းပုန်းစစ်ကြောင်းတွေ ရှိနေသေးတယ်။ ကိုယ်တွေဘက်ကလည်း အလစ်အငိုက်စောင့် သူတို့ဘက်ကလည်း အလစ်အငိုက်စောင့်ပြီး စစ်ဆိုင်နေဆဲ အခြေအနေပဲ ရှိသေးတယ်” ဟု ရေး – ထားဝယ်လမ်းပိုင်း မလွှဲတောင်ပိုင်းအခြေအနေကို ဒေါနတပ်ခွဲ ၄ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ဇွန်လ ၃ ရက်က စ၍ မလွှဲတောင်ဘက်ကို ဦးတည်ကာ မောရဝတီရေတပ်စခန်းဌာနချုပ်က စစ်ကောင်စီတပ်သားများနှင့် ကလိန်အောင် အခြေစိုက် စစ်ကောင်စီတပ်ရင်းများက စစ်ကောင်စီတပ်သားများ ပါဝင်သည့် စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
ယင်း စစ်ကြောင်း နှင့် မဟာမိတ်အင်အားစုများအကြား ဇွန်လ ၇ ရက်တွင် အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့သလို လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံတို့ထံမှ သိရသည်။
ယင်းနောက် စစ်ကောင်စီတပ်မှာ ရာဖူးရွာတွင် ဝင်ရောက်တပ်စွဲနေခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
တိုက်ပွဲပြင်းထန်ပြီးနောက် ဇွန် ၉ ရက်စ၍ ရေး – ထားဝယ်လမ်းပိုင်းကို အရေးကြီးကိစ္စမှလွဲ၍ လတ်တလော အသုံးမပြုကြရန် တော်လှန်ရေးမဟာမိတ်များက သတိပေးချက် ထုတ်ပြန်ထားသည်။