တနင်္သာရီမြို့နယ်၊ အောင်သာဝရစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၇ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိရပြီး ၃၀ ကျော် ထွက်ပြေးလွတ်မြောက်သွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ထံမှ သိရသည်။
အောင်သာဝရစခန်းကို ဇွန်လ ၁၄ ရက် နံနက် ၅ နာရီတွင် KNU တပ်မဟာ (၄)၊ တပ်ရင်း (၇) နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ နေ့လယ် ၁၂ နာရီတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုသည်။
စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း အကြီး၊ အသေးမျိုးစုံရကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
“စခန်းထဲမှာရှိတဲ့လူတွေ အကုန်ကျတယ်။ ထွက်ပြေးတာက သုံးဆယ်ကျော်တယ်။ အလောင်း ၁၇ လောင်းလည်း တွေ့တယ်။ ကျွန်တော်တို့ဘက်က ဆုံးရှုံးမှုတော့ နည်းနည်းရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော် အသေးစိတ်မပြောချင်ဘူး” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီ စစ်ဘက် သတင်းတစ်ရပ်တွင်မူ ကျည်မလုံလောက်သဖြင့် အောင်သာဝါရ စခန်းမှ ဆုတ်ခွာပေးခဲ့ရပြီး ငါးဦးသေဆုံးကာ ငါးဦးဒဏ်ရာရသည်ဟု ဖော်ပြထားသည်။
ထိုစခန်းသည် တနင်္သာရီမြစ်ဘေးတွင် တည်ရှိပြီး ၁၉၉၇ ခုနှစ်ကတည်းက ၂၇ နှစ်ကြာတပ်စွဲထားသည့် စစ်ကောင်စီ၏ ဗျူဟာကျသည့် စစ်အခြေစိုက် စခန်းတစ်ခုဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။
ယင်းစခန်းတွင် ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းအထိုင်ချပြီး စစ်ကောင်စီတပ်ဖွဲ့ ခန့်မှန်းအင်အား ၅၀ ခန့်ရှိကြောင်းလည်း ဆိုသည်။
ပြီးခဲ့သည့် တစ်လခန့်ကတည်းက စခန်းကို ချည်းကပ်ခဲ့ပြီး အောင်သာဝရစခန်းက စစ်ကောင်စီတပ်သားများကို လက်နက် ချရန် ညှိနှိုင်းခဲ့ရာ လက်မခံသဖြင့် စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။
စခန်းကို ချည်းကပ်နေသည့်ကာလတွင် စစ်ကောင်စီတပ်ဘက်က နေ့တိုင်းနီးပါး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းသည့်နေ့တွင်လည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း KNU ထံမှ သိရသည်။
KNDO တပ်ရင်း ၇ နှင့် PDF ပူးပေါင်းတပ်များက အောင်သာဝရစခန်းကို သိမ်းပိုက်လိုက်ပြီးသည့်နောက် ရေလမ်းကနေ ၂ နာရီခန့်သွားရသည့် တပ်ရင်း ၇ တည်ရှိရာ ဆေးရုံအဆောက်အအုံကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ပဒိုစောအယ်နားက ဆိုသည်။
ထိုတိုက်ခိုက်မှုတွင် သူနာပြုဆရာမတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ၎င်းက ပြောသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှ ဇွန်လ ၁၄ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်စခန်းနှင့် ပျူစောထီးစခန်း ၁၀ ကျော်ကို KNLA၊ KNDO၊ PDF နှင့် KTLA မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူသည်။