BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

June 15, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၉ ရက်မှ ၁၅ ရက်နေ့အထိ

မြန်မာ့လူဦးရေ သုံးပုံတစ်ပုံ ဆင်းရဲနွမ်းပါးနေတယ်လို့ ကမ္ဘာ့ဘဏ်ပြော

မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဆင်းရဲနွမ်းပါးနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် နောက်ထပ် သုံးပုံတစ်ပုံဟာလည်း ဆင်းရဲတဲ့အခြေအနေကို ကျရောက်နိုင်ခြေ မြင့်မားနေတယ်လို့ ဆိုပါတယ်။ ဆင်းရဲနွမ်းပါးမှုအတိုင်းအတာ နက်နဲမှုနဲ့ ပြင်းထန်မှုဟာ ၂၀၁၅ ရဲ့ အနေအထားကို အလျင်အမြန်ရောက်ရှိလာတယ်လို့ ဖော်ပြပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်တက်ဖွယ်ရှိတဲ့အတွက် ဆင်းရဲမှုအခြေအနေက ဆက်လက်ဆိုးရွားနေဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။

နေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေ၊ အလုပ်အကိုင်ဆုံးရှုံးမှုတွေ၊ ဝင်ငွေကျဆင်းမှုတွေ ကြုံနေရပါတယ်။ ဒါဟာ ဆင်းရဲမှု ကျဆင်းရေးအတွက် ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့တဲ့ ရလဒ်တွေကို အကုန်အလဟဿ ဖြစ်သွားရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံများဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောပါတယ်။

မြန်မာ့စီးပွားရေး တိုးတက်မှုဟာလည်း အလွန်အားနည်းနေမယ်လို့ ခန့်မှန်းထားပါတယ်။ ကျန်းမာရေး၊ ပညာရေးမှာ ရင်းနှီး မြှုပ်နှံမှုလျော့ကျတာ၊ အလုပ်အကိုင်ကျဆင်းတာ၊ ကောင်းမွန်တဲ့ အလုပ်တွေရှားပါးတာ၊ ပြည်ပကို ရွှေ့ပြောင်းလုပ်ကိုင်သူ များလာတာတွေကြောင့်လည်း ရေရှည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးနှောင့်နှေးစေနိုင်တယ်လို့ ဆိုပါတယ်။

……………………………………..

ဖုန်းမှာ VPN တွေ့ရင် ဖမ်းဆီး ငွေဒဏ်ရိုက်အရေးယူတာတွေလုပ်လာ

ဖုန်းမှာ VPN တွေ့ရင် စစ်ကောင်စီက ဖမ်းဆီးပြီး ငွေဒဏ်ရိုက်တာလုပ်ဆောင်နေတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဖမ်းဆီးဒဏ်ရိုက်နေတယ်လို့ ဆိုပါတယ်။ မြို့တွေရဲ့ လူစည်ကားတဲ့နေရာမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းဂဏန်းအထိ ဒဏ်ရိုက်တာ၊ ခြိမ်းခြောက် ငွေတောင်းတာတွေ လုပ်နေတလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးများပြီး သတင်းပျံ့နှံ့မှုအားကောင်းတဲ့ Facebook အသုံးပြုနေတာတွေကို ပိတ်ပင်ဖို့အတွက် စစ်ကောင်စီက မေလနောက်ဆုံးပတ်မှာ VPN တွေကို ပိတ်ချခဲ့ပါသေးတယ်။

၂၀၂၁မှာ ရေးဆွဲထားပြီးအတည်မပြုရသေးတဲ့ စစ်ကောင်စီရဲ့ဆိုင်ဘာလုံခြုံရေးဥပဒေကြမ်းမှာ VPN အသုံးပြုရင် ထောင် ၁နှစ် ကနေ ၃နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ်သိန်း ၅၀အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ထည့်သွင်းထားပါတယ်။ စစ်ကောင်စီက Facebook နေရာမှာ အစားထိုးဖို့ ဆိုရှယ်မီဒီယာပလပ်ဖောင်းတွေနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

……………………………………..

ကလေး တစ်သန်းကျော် စစ်ဘေးရှောင်နေရ

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းကျော်အထိရှိလာပြီး အဲဒီထဲက တစ်သန်းကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ သိရပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေဟာလည်း စံချိန်တင် မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အိုးအိမ်စွန့်ခွာထွက်ပြေးရသူရဲ့ သုံးပုံတစ်ပုံဟာ ကလေးငယ်တွေဖြစ်ပြီး တိုက်ပွဲတွေကြောင့် သူတို့ရဲ့ အနာဂတ်တွေ ပျောက်ဆုံးသွားရတယ်လို့လည်း ပြောပါတယ်။

နောက်ထပ် လူဦးရေ ၁ ဒသမ ၃ သန်းလောက်ဟာဆိုရင်လည်း နယ်စပ်ဖြတ်ကျော်ပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် လူ ၁၈သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။

……………………………………..

ဝန်ထမ်းတွေကို လစာတိုးပေးလို့ အလုပ်ရှင်တွေ ဖမ်းဆီးခံရ

ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် ဝန်ထမ်းတွေကို လစာတိုးပေးတဲ့ အလုပ်ရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်နေတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာ ဖုန်းဆိုင်တချို့ရဲ့ ပိုင်ရှင်တွေနဲ့ လုပ်ငန်းရှင်အချို့ ဖမ်းဆီးခံရတာ၊ ဆိုင်တွေ ချိပ်ပိတ်ခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ လစာတိုးပေးတဲ့အကြောင်း လူမှုကွန်ရက်မှာ စာထုတ်ပြီး ကြေညာထားတဲ့ ဆိုင်တွေ၊ လုပ်ငန်းရှင်တွေ အရေးယူခံလာရတာပါ။

RFA မြန်မာပိုင်းသတင်းတစ်ရပ်မှာဆိုရင် လုပ်ငန်းရှင် ၁၀ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး သူတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက အရေးယူဖို့ လုပ်နေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတွေကို မေးမြန်းရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

စစ်ကောင်စီကတော့ ဒီလိုမျိုးဖမ်းဆီးတာ မရှိတဲ့အကြောင်း ငြင်းဆိုတယ်လို့ ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ မြန်မာငွေတန်ဖိုးကျဆင်းပြီး ရွှေ၊ ဒေါ်လာ စျေးတွေ မြင့်တက်လာချိန်မှာ စစ်ကောင်စီက ရွှေဆိုင်တွေ၊ ငွေလွှဲ၊ ငွေလဲ လုပ်ကိုင်သူတွေကို လိုက်လံဖမ်းဆီးတာတွေလည်း လုပ်ဆောင်နေပါတယ်။

……………………………………..

စစ်မှုထမ်းဥပဒေကြောင့် ကလေးလုပ်သား များလာတယ်လို့ ILO ပြော

လူငယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းခေါ်နေတာကြောင့် ကလေးအလုပ်သမားတွေ ပိုမိုများပြားလာတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က ပြောပါတယ်။

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၂ ရက်မှာ အခုလိုထုတ်ပြန်တာပါ။ မြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအ​နေ ဆိုးရွားလာတာကြောင့် နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ရောက်နေ တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ သုံးသန်းကျော်ထဲက သုံးပုံတစ်ပုံဟာလည်း ကလေးသူငယ်တွေ ဖြစ်တယ်လို့ ILO ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက်မှာတော့ အကျပ်အတည်း ပိုမိုဆိုးရွားသွားစေပြီး ထွက်ပြေးတိမ်းရှောင်သူ တွေ ပိုမိုတိုးပွားလာပါတယ်လို့ ဆိုပါတယ်။ ကလေးအလုပ်သမား တိုးပွားလာနေတဲ့ အကြောင်းအရာ များစွာထဲမှာ စစ်မှုထမ်း ဥပဒေဟာလည်း အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ ILO က ဆိုပါတယ်။

……………………………………..

စစ်တွေက ကျေးရွာ ၁၀ကျော်ကို စစ်ကောင်စီ အဓမ္မဖယ်ရှား

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့က ကျေးရွာ ၁၂ရွာကို စစ်ကောင်စီက အတင်းအဓမ္မဖယ်ရှားခဲ့ပါတယ်။

စစ်တွေမြို့ ကြွီတဲမြစ်ကမ်းနားတစ်လျှောက်မှာရှိတဲ့ ရခိုင်ရွာတွေကို ဇွန်လ ၁၀ နေ့ကနေ ၁၄ ရက်အတွင်း အပြီး ဖယ်ရှားခိုင်းခဲ့တာလို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က ဆိုပါတယ်။

ဇွန်လ ၁၄ ရက်နေ့ကို အပြီးဖယ်ရှားပေးရမယ်ဆိုပေမယ့် စစ်ကောင်စီက ဇွန်လ ၁၃ ရက်နေ့မှာ အဓမ္မ ပြောင်းရွှေ့စေခဲ့ပြီး အိမ်စောင့်ကျန်သူတွေကို လိုက်လံဖမ်းဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Western News သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူ ၁၀ ကျော်ကို ငွေပေးပြီးမှ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မေလ ၂၉ရက်မှာ စစ်တွေမြို့ ဗျိုင်းဖြူရွာကို ဝိုင်းဝန်းပိတ်ဆို့ပြီး ရွာသူရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ အမျိုးသမီးတချို့ကို မုဒိမ်းကျင့်တာ၊ ရွှေငွေတန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်တာ၊ နေအိမ်တွေကိုမီးရှို့တာ တွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ရွာသူရွာသား ၈၀နီးပါးသေဆုံးခဲ့ပြီး တရားစွဲခဲ့ရသူလည်း ၄၀ ကျော်ရှိနေပါတယ်။

မောင်တော၊ သံတွဲ၊ တောင်ကုတ်၊ အမ်းစတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မောင်တောမှာ တပ်ရင်းဌာနချုပ် တစ်ခုအပါအဝင် စစ်ကောင်စီစခန်း လေးခုကို အခုသီတင်းပတ်အတွင်းမှာ AA က သိမ်းယူခဲ့ပါတယ်။ AA သိမ်းယူထားတဲ့ မြို့နယ်တချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

……………………………………..

ဆဒုံးမြို့ကို KIA သိမ်းယူ၊ ကန်ပိုက်တီ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကိုလည်း ထိန်းချုပ်

ဝိုင်းမော်မြို့နယ်ထဲက ဆဒုံးမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူလိုက်ပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ ကန်ပိုက်တီကို သွားတဲ့လမ်းကိုလည်း ထိန်းချုပ်ထားပါတယ်။

ဝိုင်းမော်-ကန်ပိုက်တီလမ်းက ဆဒုံးမြို့ကို ဇွန်လ ၁၁ ရက်နေ့မှာ သိမ်းယူခဲ့တာဖြစ်သလို အဲဒီလမ်းပိုင်း စစ်ကောင်စီစခန်း တချို့နဲ့ ပြည်သူ့စစ်စခန်းတချို့ကိုလည်း သိမ်းယူထားပါတယ်။ ကန်ပိုက်တီ သွားတဲ့လမ်းမှာရှိတဲ့ ဆဒုံးဗျူဟာကို သိမ်းယူ ထားတာကြောင့် ကန်ပိုက်တီကို သွားတဲ့လမ်းကိုလည်း KIA က ထိန်းချုပ်ထားနိုင်တာပါ။ 

တိုက်ပွဲတွေကြောင့် ဝိုင်းမော်-ကန်ပိုက်တီ လမ်းပိုင်းမှာ ကုန်တင်ကားနဲ့ ခရီးတင်ကား ရာချီ ပိတ်မိနေပါတယ်။

KIA ဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ လွယ်ဂျယ်မြို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီလမှာ သိမ်းယူထားပါသေးတယ်။ ကချင်မှာ သုံးလကျော်ကာလမှာ မြို့ကိုးမြို့နဲ့ စစ်ကောင်စီတပ်စခန်း အကြီးအငယ် တစ်ရာကျော်ကို KIA က သိမ်းယူထားပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပါတယ်။

……………………………………..