BREAKING
April 22, 2025

တရားမဝင်နေထိုင်လုပ်ကိုင်မှုဖြင့် မြန်မာလုပ်သား ၂၈ဦး ဖမ်းဆီးခံရ

June 15, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် စမွတ်ပရကန်ခရိုင်တို့တွင် အလုပ်ရှင်မတူဘဲ လုပ်ကိုင်နေသူများနှင့် တရားမဝင် နေထိုင်နေကြသော မြန်မာအလုပ်သမား ၂၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့နှင့် စမွတ်ပရကန်ခရိုင်တို့တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်ရှင်မတူဘဲ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားရှစ်ဦးနှင့် ကမ္ဘောဒီးယားအလုပ်သမား ကိုးဦးတို့ ဇွန်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။

တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုများ မရှိစေရေး၊ ရက်ကျော်ဗီဇာဖြင့် နေထိုင်မှု မရှိရေး စီမံချက်ဖြင့် တလင်းချန်း နယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့များက ဝင်ရောက်စစ်ဆေးရာမှ ဖမ်းမိခြင်း ဖြစ်ကြာင်း ရေးသားထားသည်။

အလုပ်သမားများ၏ အလုပ်လုပ်ခွင့်လက်မှတ်များ စစ်ဆေးရာတွင် အလုပ်ရှင်မတူဘဲ လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးခဲ့ပြီး လုပ်ကိုင်ခွင့် ကျော်လွန်လုပ်ဆောင်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။

ဆောက်လုပ်ရေးကန်ထရိုက်တာ ထိုင်းနိုင်ငံသား နှစ်ဦးကို အလုပ်ရှင်မတူဘဲ အလုပ်သမားများကို အလုပ်လုပ်ကိုင်စေမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဇွန်လ ၁၂ ရက်နေ့တွင်လည်း ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် ဖားပဒဲဒေသတွင် တရားမဝင် နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား ၂၀ ဦးဖမ်းဆီးခံရကြောင်း ရေးသားထားသည်။

မူးယစ်ဆေးဝါးသုံးစွဲထားသည်များကိုလည်း တွေ့ရသည်ဟုဆိုသည်။

မြန်မာအလုပ်သမားများ တရားမဝင် နေထိုင်လျက်ရှိသည်ဟု သတင်းရသဖြင့် ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့ဝင်များက အလုပ်သမားအခန်းများကို ရှောင်တခင်စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

၎င်းတို့ကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ဖားပဒဲရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

Ref: MGR Online, Matichon Online, Thairath Online