ပုလောမြို့နယ်၊ ပလမြို့၊ ဇရပ်ဆိပ်ရွာအနီးတွင် မိုင်းနင်းမိပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အတူတူလိုက်ပါလာသူ နောက်အမျိုးသားတစ်ဦးလည်း မျက်လုံးတွင် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဇရပ်ဆိပ်ရွာအနီး သံသာဥယျာဉ်တောတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ပလမြို့ခံ ကိုအောင်ဇော်လတ်မှာ ယင်းနေရာတွင် သေဆုံးခဲ့ရပြီး ၎င်း၏အလုပ်သမားဖြစ်သူ အသက် ၂၀ ကျော်အရွယ် အမျိုးသားမှာ မျက်လုံးတစ်ဖက်တွင် မိုင်းစထိမှန်ဒဏ်ရာရကာ အမြင်အာရုံဆုံးရှုံးသွားကြောင်း ဒေသခံများက ဆိုသည်။
“သူတို့နှစ်ယောက်က သစ်တစေ့ (သစ်ချသီးအစေ့) သွားကောက်မယ်ဆိုပြီး တောထဲဝင်သွားရာမှာ ဖြစ်တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သံသာဆိုသည့်နေရာသည် ဇရပ်ဆိပ်ရွာနှင့် ပလမြို့ကြားတောင်စွယ်ဖြစ်ပြီး ကဒဲရွာနှင့်လည်းနီးကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယင်းနေရာတွင် ဒေသခံများ ဥယျာဉ်ခြံမြေလုပ်ကိုင်ကြသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ပလမြို့နေအိမ်တွင် ထားရှိထားပြီး စစ်ကောင်စီတပ်ကလည်း လာရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည် ဇွန်လ ၁၁ ရက်နေ့ကလည်း လယ်ထဲဆင်းရန်လာသည့် အမျိုးသားတစ်ဦး ပလရဲစခန်းအနီး စက်သုံးဆီ အရောင်းဆိုင် အနောက်ဖက်တွင် မိုင်းနင်းမိကာ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
ပုလောမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေပြီး မိုင်းနင်းမိခြင်းကြောင့်လည်း ဒေသခံများ မကြာခဏ ထိခိုက်သေဆုံးရမှုများ မကြာခဏ ရှိနေသည်။
