အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ဒေသရှိ လူငယ်များအကြား အာစီယံ(မူးယစ်စေသည့် အရည်တစ်မျိုး) သုံးစွဲမှု မြင့်တက်လာကြောင်း ထားဝယ်မြို့ခံအချို့ထံမှ သိရသည်။
ဘိန်းစာရွက်၊ ကိုကာကိုလာ၊ ကော်ဖီမစ် အစရှိသည့် ပစ္စည်း ၁၀ မျိုးကိုအသုံးပြု ကျိုချက်ထားသဖြင့် အာစီယံဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
အာဏာမသိမ်းမီကမူ သုံးစွဲသူ အနည်းအကျဉ်းသာရှိပြီး လက်ရှိအခြေအနေတွင်မူ ဝယ်ရလွယ်ကူလာသည့်အတွက် လူငယ်အများစု သုံးစွဲနေကြကြောင်း လူလတ်ပိုင်းအရွယ် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
“အခုက WY ထက် ပိုပြီးများတာက အာစီယံ။ အာစီယံက တော်တော်လေးကို ခေတ်ထနေတယ်။ ကြိုက်သလိုကို လိုသလောက်ဝယ်လို့ရနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။လူငယ်တွေရဲ့ငါးဆယ်ရာခိုင်နှုန်းကျော်ကိုပဲ ဘိန်းစာရွက်ကတော့ အနည်းဆုံးပဲ။ဒုတိယက အာစီယံပေါ့။ အရေးအခင်းဖြစ်ပြီးမှာ ဗုံးပေါလအောကို ဖြစ်လာတာ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရေသန့်ဘူးအသေး(ဒဿမ ၆ လီတာ)အတွင်း ထည့်ထားသည့် အာစီယံတစ်ဘူးလျှင် ငွေကျပ်သုံးထောင်မှ ကျပ်တစ်သောင်းအထိ ရောင်းချနေကြောင်း အဆိုပါမြို့ခံ အမျိုးသားက ဆိုသည်။
ယင်းအပြင် အာစီယံကျိုချက်ရာတွင်အဓိက အသုံးပြုသည့် ဘိန်းစာရွက်တစ်ရွက်လျှင် နေရာဒေသအပေါ်မူတည်ကာ ကျပ် ၅၀ ဝန်းကျင်မှ ၃၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။
ထားဝယ်မြို့ရှိ အလုပ်ရုံအချို့တွင်လည်း အာစီယံကို ကြိုက်သလောက် သောက်သုံးနိုင်စေရန် ဘူးဖြင့်အဆင်သင့်ထည့် ပေးထားကြောင်း မြို့ခံလူငယ်အလုပ်သမားတစ်ဦးက ဆိုသည်။
“သောက်ရေ ထားပေးသလိုကို ထားပေးထားတာ”ဟု ၎င်းက ပြောသည်။
အလှူအတန်းများတွင်လည်း အာစီယံမှာ မပါမဖြစ် သဘောမျိုးဖြစ်နေကြောင်း ဒေသခံများကဆိုသည်။
အာစီယံအပြင် WY စိတ်ကြွဆေးနှင့် ဆေးခြောက်လည်း အာဏာမသိမ်းမီကထက် ၈၀ ရာခိုင်နှုန်းအထိ ဈေးကျလာပြီး အလွယ်တကူဝယ်၍ရလာကြောင်း မြို့ခံအချို့က ဆိုသည်။