BREAKING
December 22, 2024

လည်စင်းပေးနေရသည့် ထိုင်းရောက် မြန်မာလုပ်သားများ

June 15, 2023

ကိုလှမျိုးအပါအဝင် မြန်မာအလုပ်သမား ၆ ဦးက အလုပ်ထွက်ပြီး အခြားအလုပ်တစ်ခုလုပ်ရန်အတွက် စက်ရုံမန်နေဂျာထံမှ တရားဝင်အထောက်အထား တောင်းမည်ဟု ဆုံးဖြတ်ပြီး အလုပ်သို့သွားခဲ့ကြသည်။

သို့သော်ဖိုးချစ်ကန်းဟု ခေါ်သည့် စက်ရုံမန်နေဂျာက ပစ္စတိုသေနတ်တကိုင်ကိုင်ဖြင့် လမ်းလျှောက်နေသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ စကားတစ်ခွန်းပင် မဟရဲတော့ကြောင်း ကိုလှမျိုးက ဆိုသည်။

စက်ရုံပိုင်ရှင်သူဌေးအမည်ဖြင့် ပန်းရောင်ကတ်၊ အလုပ်လုပ်ခွင့်ပါမစ် လုပ်ထားကြပြီး ကျသင့်ငွေကို အပြေအကြေဆပ်ပြီးဖြစ်သည်ဟု ကိုလှမျိုးက ဆိုသည်။

သို့သော် အလုပ်သမားများလက်ဝယ်တွင် တရားဝင်အထောက်အထားဟူ၍ စာရွက်တစ်ရွက်ပင် မရှိကြပေ။

“ပန်းရောင်ကတ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတောင်းချိန်ဆို ပစ္စတိုသေနတ်တကားကားနဲ့ အလုပ်သမားတွေနဲ့ ရှင်းမယ်ဆိုရင် မန်နေဂျာက ပစ္စတိုယူလာရော။ ပစ္စတိုကိုင်ပြီးတော့ ငါ့ကိုလာရှင်းတဲ့” ဟု ၎င်းက ရှင်းပြသည်။

ကိုလှမျိုးမှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အနီးရှိ လှဘူရီမြို့ အုန်းသီးစက်ရုံတွင်  အလုပ်လုပ်နေခြင်းဖြစ်သည်။

အဆိုပါ အုန်းသီးစက်ရုံမှ အလုပ်ထွက်မည့် ကိုလှမျိုးတို့ လင်မယားအပါအဝင် မြန်မာရွေ့ပြောင်းလုပ်သားများကို ထိုင်းလူမျိုး မန်နေဂျာက သေနတ်ကိုင်ထားပြီးမှသာ စကားပြောဆိုလေ့ ရှိသည်ဟုဆိုသည်။

ကိုလှမျိုးတို့ လုပ်ကိုင်နေသည့် လှဘူရီမြို့ရှိ GRAND BEAUTY ကုမ္ပဏီတွင် အုန်းသီးစက်ရုံနှစ်ရုံရှိပြီး စုစုပေါင်းမြန်မာ လုပ်သား ၃၀၀ ဝန်းကျင်ရှိသည်။

၎င်းတို့လင်မယားက အုန်းသီးစက်ရုံတွင် ၇ လခန့် လုပ်ကိုင်ခဲ့သော်လည်း အပိုငွေကြေးစုဆောင်းနိုင်ခြင်းမရှိဘဲ အထောက်အထားအတွက် ကုန်ကျငွေကို ဆပ်နိုင်ရုံမျှသာ။

“ဘတ်ဖိုးပိုက်ဆံလည်း ကြေပြီပေါ့။ ကြေလည်းကြေရော အခုတောင်းလည်းတောင်းရော ဘာမှလည်း အထောက်အထားလည်း မပေးဘူး။အခုထက်ထိ စာရွက်တစ်ရွက်တောင် မပေးသေးဘူး။ အဓိကကတော့ မန်နေဂျာနဲ့ စာရေးမက လုပ်စားနေတာ”ဟု ကိုလှမျိုးက ပြောသည်။

ကိုလှမျိုးတို့ကဲ့သို့ပင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာလုပ်သားအချို့မှာ သေနတ်ပြခြိမ်းခြောက်ပြီး မတရားခိုင်းစေခံနေသည့် ဖြစ်စဉ်အများအပြားရှိနေသည်။

ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံအချို့တွင် ဖိနှိပ်ခြိမ်းခြောက်ခိုင်းစေမှုမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ပင် ဖြစ်နေကြောင်း ထိုင်းရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) မှ အလုပ်သမားတာဝန်ခံ ကိုဇော်က ဆိုသည်။

“ခြိမ်းခြောက်တာကတော့ ပုံမှန်အနေအထားပါပဲ အလုပ်ရှင်က။ ဝန(အလုပ်သမားခေါင်းဆောင်)ဆိုတဲ့ အမျိုးတွေက အလုပ်သမားတွေကို ဖိနှိပ်ပြီးခိုင်းစေတာပေါ့။ မြန်မာ ဝန ရော၊  ထိုင်း ဝနတွေရော မြန်မာတွေကို ဖိနှိပ်ပြီး ခိုင်းတာပေါ့”ဟု ကိုဇော်က ပြောသည်။

ထိုကဲ့သို့ အဓမ္မခိုင်းစေခံနေရသူများကို ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းလုပ်သားများကို ကူညီပေးနေသည့် အဖွဲ့အစည်းများက ကယ်ထုတ်ခဲ့ရသည့် ဖြစ်စဉ်များလည်းရှိသည်။

ကန်ချနဘူရီခရိုင်ရှိ ကြံစိုက်ခင်းတွင် မြန်မာအလုပ်သမားများကို အလုပ်ရှင်က သေနတ်ဖြင့် ခြိမ်းခြောက်အဓမ္မခိုင်းစေပြီး လုပ်ခလစာမပေးသည့်ဖြစ်စဉ်တစ်ခု ယခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သေးသည်။

လစာမပေးသည့်အပြင် အထောက်အထားစာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်များကိုလည်း သိမ်းဆည်းထားသေးသည်။

ထို့အပြင် နားရက်မပေးဘဲ သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်ကာ အလုပ်စေခိုင်းနေခြင်းဖြစ်ပြီး ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်မှုများလည်း ရှိခဲ့သည်။

အဆိုပါအလုပ်သမားများ ထွက်ပြေးပါက သေနတ်ဖြင့်ပစ်သတ်မည်ဟု အလုပ်ရှင်က ခြိမ်းခြောက်ထားသည်။

ယင်းသို့ အဓမ္မစေခိုင်းခံနေရသော မြန်မာအလုပ်သမား ၁၄ ဦးကို မတ်လ ၁ ရက်နေ့တွင် လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) က ကယ်တင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများမှာ ယင်းသို့ဖိနှိပ်ခံရမှုများရှိသော်လည်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ထိုင်းအာဏာပိုင်များထံ တိုင်ကြားမှုနည်းနေသည်။

ဖိနှိပ်ခံရသည်ဆိုကာ တိုင်ကြားမှုများမှာ ၎င်းတို့ဖြေရှင်းပေးခဲ့သည့် အမှုအခင်းများ၏ ငါးရာခိုင်နှုန်းခန့်သာရှိနေကြောင်း ထိုင်းရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ယက်မှ ကိုဇော်က ဆိုသည်။

ယင်းသို့ ဖိနှိပ်အနိုင်ကျင့်ခံနေသည့် အခြေအနေကို တိုင်တန်းရန် မဝံ့ရဲကြသည့် အဓိကအကြောင်းအရင်းမှာ အလုပ်ထပ်မရမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်သည်။

တိုင်တန်းလိုက်ပါက လက်ရှိအလုပ်မှ ထုတ်ပယ်ခံရမည့်အပြင် ပြဿနာရှာသူအဖြစ်မြင်ပြီး ယင်းနယ်တစ်ဝိုက်ရှိ အလုပ်ရှင်များက အလုပ်မခန့်မည်ကိုလည်း ကြောက်နေရကြောင်း လှဘူရီမြို့တွင် ဈေးဆိုင်ရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

“အလုပ်သမားက အလုပ်ထုတ်ခံရမှာကြောက်လို့ မတိုင်ရဲကြဘူး။ တိုင်လိုက်ပြီဆိုရင်လည်း ဒီနယ်တစ်ဝိုက်မှာ ဘယ်အလုပ်ရှင်ကမှ လက်ခံမှာမဟုတ်တော့ဘူးဆိုတော့ မတိုင်ကြတာ။အခုချိန်မှာ သူဌေးတွေက ငစွေသွားရင် ငကန်းလာလိမ့်မယ်ဆိုပြီး အလုပ်သမား အလုပ်ထွက်သွားရင်လည်း အေးဆေးပဲ”ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းဂယက်ကြောင့် စီးပွားရေးကျပ်တည်းမှု၊ ပဋိပက္ခများနှင့် စစ်တပ်၏ ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံသား အများစုမှာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ပုံစံအမျိုးမျိုးဖြင့် လာရောက်နေထိုင်နေကြရသည်။

တရားဝင်အထောက်အထားဖြင့် နေထိုင်သူများရှိသလို တရားမဝင်နေထိုင်သူများလည်း အများအပြားရှိနေသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)၏ ခန့်မှန်းချက်အရ အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ယခုနှစ်ဖေဖော်ဝါရီလအထိ ၂ နှစ်တာကာလအတွင်း မြန်မာရွေ့ပြောင်းလုပ်သား အနည်းဆုံး ၅ သိန်းကျော် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာကြသည်ဟု ဆိုသည်။

ယင်းပမာဏမှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုများနှင့် ဖမ်းဆီးပြီး မြန်မာပြည်ပြန်ပို့သည့် အချက်အလက်များကို ကိုးကားပြီး  ခန့်မှန်းခြင်းဖြစ်သည်။

တရားမဝင်မြန်မာလုပ်သား ဝင်ရောက်မှုများလာခြင်း၊ ယခင်အရပ်သားအစိုးရခေတ်ကလို အလုပ်သမားများကို ကာကွယ်ပေးခြင်းမရှိသည့်အပေါ် အခွင့်ကောင်းယူပြီး ထိုင်းအလုပ်ရှင်များက လုပ်အားခလျှော့ချခြင်း အပါအဝင် ပုံစံမျိုးစုံဖြင့် ဖိနှိပ်အနိုင်ကျင့် နေကြခြင်းဖြစ်သည်ဟု အလုပ်သမားအ‌ရေး လုပ်ဆောင်နေသူများက ခန့်မှန်းကြသည်။

ထိုင်းနိုင်ငံ လှဘူရီမြို့ရှိ ဟင်းသီးဟင်းရွက်လက်ကားဈေး(Sri Muang Market)တွင် ဂေါ်ဖီထုပ်ဆိုင်တွင်လုပ်နေသည့် မဇင်မာတစ်ယောက်လည်း လုပ်ခလစာအနှိမ်ခံရသူများအနက်တစ်ဦး အပါအဝင်ဖြစ်သည်။

ထိုဈေးတွင် အလုပ်အကိုင်ပေါများသည့်အတွက် မြန်မာရွေ့ပြောင်းလုပ်သား ထောင်ချီအလုပ်လုပ်နေသည်။

ယင်းနေရာမှာ စစ်အာဏာမသိမ်းမီက မြန်မာလုပ်သားများ မျက်နှာပွင့်ခဲ့သည့် အလုပ်စားကျက်ဆိုလည်း မမှားပေ။

မွန်ပြည်နယ် ပေါင်မြို့နယ်ဇာတိဖြစ်သည့် မဇင်မာလည်း အဆိုပါဈေးရှိ ဂေါ်ဖီထုပ်ဆိုင်တွင်လုပ်နေသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။

မွေးရပ်မြေတွင် အလုပ်အကိုင်ရှားပါးလာသည့်အတွက် ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်လာခဲ့သည်။

ထိုင်းသွားရန် လမ်းစရိတ်အဖြစ် မိတ်ဆွေတစ်ဦးထံမှ ငွေကျပ် ၁၅ သိန်းကို အတိုးဖြင့်ချေးပြီး လာရောက်ခဲ့ကြောင်း မဇင်မာက ဖွင့်ဟသည်။

အဆိုပါဈေးတွင် အလုပ်စဝင်ခါစက  တစ်ရက်လုပ်အားခ ၃၂၀ ဘတ်ရသဖြင့် လမ်းစရိတ်အကြွေးအမြန်ဆပ်နိုင်ပြီး ငွေကြေးစုမိဆောင်းမိရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့သည်။

သို့ရာတွင် သူမ၏ မျှော်လင့်ချက်အိပ်မက်က ကြာကြာမခံခဲ့ပေ။

စစ်ကောင်စီတပ်က ဖမ်းဆီးဖိနှိပ်မှုများနှင့် နေရာအနှံ့ တိုက်ပွဲပြင်းထန်လာချိန် မြန်မာရွေ့ပြောင်းလုပ်သားများ အုံလိုက်ကျင်းလိုက် ဝင်လာကြသည့်အပေါ် ထိုင်းအလုပ်ရှင်အချို့က လုပ်ခလစာကို လျော့ချလာကြသည်။

မဇင်မာ၏ အလုပ်ရှင်ကလည်း ယင်းအခွင့်အရေးကို အသုံးချကာ ယခုနှစ်ဆန်းမှစပြီးလုပ်အားခ တစ်ရက်လျှင် ဘတ် ၂၀၀ သာ ပေးတော့သည်။

“အခုဆိုရင် အကြွေးတောင် မကြေသေးဘူး။ဘယ်တတ်နိုင်မလဲ ကိုယ့်ဆီမှာလုပ်ကိုင်စားသောက်လို့မှ မရတာ။ ဒီမှာပဲ ရသလို လုပ်နေရတာပဲ”ဟု မဇင်မာက ပြောသည်။

လျော့နည်းလာသည့် လုပ်အားခကြောင့် အိမ်ခန်းခနှင့် စားစရိတ်နုတ်လိုက်ပါက ချေးလာသည့်ငွေအတွက် အတိုးပင် ပုံမှန်မပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းအာဏာပိုင်များက ပြည်နယ်အလိုက်သတ်မှတ်ထားသည့် တစ်ရက်လုပ်အားခစံနှုန်းအရ တစ်ရက်လျှင်အနည်းဆုံး ၃၂၀ ဘတ်ကျော် ရမည်ဖြစ်သည်။

မဇင်မာကဲ့သို့ အနိမ့်ဆုံးလုပ်ခလစာပင် မရကြသည့် မြန်မာအလုပ်သမားအများအပြားရှိသော်လည်း အများစုမှာ အတွန့်မတက်ရဲကြပေ။

ထို့အပြင် အလုပ်သမားအရေး ကူညီပေးနေသည့် အဖွဲ့အစည်းများနှင့် ထိုင်းအာဏာပိုင်အဖွဲ့များထံ တိုင်တန်းပါကလည်း အလုပ်ခန့်သူမရှိတော့မည်စိုးသဖြင့် တိုင်ရန် မဝံ့ရဲကြပေ။

ဘတ်နှင့် အထောက်အထားစာရွက်စာတမ်းတောင်းသည့်အတွက် သေနတ်ပြခြိမ်းခြောက်ခံရသည့် လှဘူရီမြို့ အုန်းသီးစက်ရုံမှ ကိုလှမျိုးမှာ အလုပ်ထွက်ပြီး တစ်လခန့်အကြာတွင်တော့ တရားဝင်စာရွက်စာတမ်း ရရှိသွားပြီဖြစ်သည်။

သို့သော်လွယ်လွယ်ကူကူ ရခဲ့ခြင်းတော့မဟုတ်ပေ။

အသိထိုင်းမိတ်ဆွေတစ်ဦးမှတစ်ဆင့် ထိုင်းအာဏာပိုင်များထံ တိုင်ကြားမည်ဟု အကျပ်ကိုင်ခဲ့သည့်အတွက် စက်ရုံတာဝန်ရှိသူက မတတ်သာသည့်အဆုံးတွင် ကိုလှမျိုးတို့ လင်မယားနှင့် ပတ်သက်သည့် အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးလိုက်ရသည်။

သို့ရာတွင် အဆိုပါအုန်းသီးစက်ရုံ၌ကျန်ခဲ့သည့် ဘဝတူလုပ်ဖော်ကိုင်ဖက်များအတွက် ကိုလှမျိုး စိုးရိမ်နေဆဲဖြစ်ကြောင်း ဖွင့်ဟသည်။

“အလုပ်သမားတွေက ပြန်လည်းမပြောရဲကြတော့ သူတို့က အဲဒီအပေါ် အခွင့်အရေးယူပြီး အမျိုးမျိုးညစ်ပတ်နေကြတာ၊ တိုင်မယ်တောမယ်ဆိုလည်း ကိုယ်တွေပဲခံရမှာဆိုပြီး ငြိမ်ခံနေရတဲ့ဘဝတွေဖြစ်နေတယ်”