လူရယ်လို့ဖြစ်လာရင် မဖြစ်မနေလုပ်ဆောင်ရမယ့်အရာတွေထဲမှာ ပညာသင်ကြားခြင်းဆိုတဲ့ အလုပ်လည်း ပါပါတယ်။ မိမိတို့သားသမီးကို ပညာတတ်မြောက်စေချင်တဲ့ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ပထမအရွယ်မှာ စာသင်ကျောင်းကို အသီးသီးပို့ဆောင်ပြီး ပညာ သင်ကြားစေတာက အစဉ်အလာတစ်ခု ဖြစ်လို့နေပါပြီ။ ကလေးတစ်ယောက် ပညာသင်ကြားရမယ်လို့ ဆိုလိုက်တာနဲ့ စာသင်ကျောင်းကိုပဲ အရင်ဆုံးပြေးမြင် မိတတ်ကြပါတယ်။
နှစ်တိုင်းမိုးဦးကျ အချိန်အခါဖြစ်တဲ့ ဇွန်လကို စာသင်နှစ်တစ်နှစ်ရဲ့အစအဖြစ် သတ်မှတ်ထားတာမို့ ခါတိုင်းနှစ်ဆိုရင် ဒီအချိန်မှာ ကလေးတွေ ကျောင်းစိမ်းဝတ်စုံကိုယ်စီနဲ့ စုစုရုံးရုံး ကျောင်းသွားနေ ကြပြီ။ ဒီနှစ်ကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ခါတိုင်းနှစ်တွေလိုမျိုး ပုံမှန် ကျောင်းဖွင့်လို့ မရတော့။
တချို့နိုင်ငံတွေမှာ အွန်လိုင်းသင်ကြားရေးစနစ်နဲ့ သင်ကြားဖို့ပြင် ဆင်နေကြပါတယ်။ သူတို့နိုင်ငံတွေရဲ့ အခြေအနေအသေးစိတ်ကို မသိပေမယ့် မြန်မာနိုင်ငံမှာတော့ အွန်လိုင်းသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ဖြစ်ဖို့ဆိုတာ အလွန့်အလွန်ခက်ခဲပါတယ်။ အွန်လိုင်းစနစ်နဲ့ သင်ကြားမယ်ဆိုရင် မြို့နေလူတန်းစားအနည်းငယ်အတွက် ရနိုင်ပေမယ့် လျှပ်စစ်မီးမရှိ၊ ကွန်ပျူတာမရှိတဲ့ ကျေးလက်နေပြည်သူတွေအတွက်က ဖြစ်နိုင်ခြေ အလွန့်အလွန်ကို နည်းပါးပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ လာမယ့်ဇူလိုင် ၂၁ ရက်နေ့မှာ အခြေခံပညာအထက်တန်းအဆင့်ကျောင်းတွေ စဖွင့်မယ်လို့ ကြေညာထားပါတယ်။ အခြေအနေကောင်းမှ အလယ်တန်း၊ မူလတန်းတို့ကို ဆက်ဖွင့်မယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။
ကျောင်းပြန်ဖွင့်တဲ့အခါမှာလည်း ကျောင်းရဲ့အပြင်အဆင်ကတော့ ခါတိုင်းနှစ်နဲ့ တူတော့မှာ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခြားပြီး ထိုင်ရတာတွေ၊ နှာခေါင်းစည်း တပ်ရတာတွေ၊ ကျောင်းတွေမှာ လက်ဆေးဖို့နေရာ ထားရှိရတာတွေစတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဆောင်ကြရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ လူတွေရဲ့ နေသားကျနေတဲ့ ဘဝနေထိုင်မှုပုံစံ အတော်များများကို ပြောင်းလဲသွားစေတာ တွေ့ရပါတယ်။ အဲဒီပြောင်းလဲသွားတဲ့ အရာတွေထဲမှာ ပညာသင်ကြားတဲ့ ပုံစံလည်း တစ်ခုအပါအဝင်ပါပဲ။
ကျောင်းဖွင့်ရာသီရောက်နေပေမယ့် ကျောင်းမဖွင့်ဖြစ်သေးတဲ့အတွက် ကလေးတွေရဲ့ ပညာရေး နှောင့်နှေးကြန့်ကြာသွားမှာကို မိဘတွေက စိုးရိမ်ပူပန်နေကြတဲ့ အသံကိုလည်း ကြားနေရပါတယ်။ ကျောင်းပြန်မဖွင့်မီစပ်ကြားကာလမှာ ကလေးတွေအတွက် အချိန်တွေ အလဟသ ကုန်သွားတာမျိုးမဖြစ်အောင် ဘယ်လိုလုပ်ပေးကြရင် ကောင်းမလဲဆိုတဲ့ မေးခွန်းက မေးသင့်မေးထိုက်တဲ့ မေးခွန်းပါပဲ။
စာသင်ကျောင်းတွေ မဖွင့်ဖြစ်သေးတဲ့အချိန်မှာ ကလေးတွေအတွက် အလဟသ အချိန်ကုန်သွားတာမျိုး မဖြစ်ရအောင်၊ ပညာသင်ရာလည်းရောက်အောင် မိဘတွေ လုပ်ဆောင်ပေးနိုင်တာတွေ ရှိပါတယ်။
ဒီလိုပြောလိုက်လို့ တချို့မိဘတွေက “ငါတို့က မူလတန်းလောက်နေဖူးတာ၊ အလယ်တန်းရောက်နေတဲ့ ငါတို့ကလေးတွေကို ဘယ်လိုသင်ကြားပေးနိုင်မှာလဲ” လို့ စောဒကတက်ကောင်း တက်ကြပါလိမ့်မယ်။ မှန်ပါတယ်။ ကျောင်းမှာသင်ရမယ့် အတန်းစာတွေကို မိဘတွေက သင်ကြားပေးနိုင်ချင်မှ ပေးနိုင်မှာပါ။
ပညာတတ်ဖို့အတွက် စာတတ်မြောက်မှုက အခြေခံလည်းကျသလို အရေးလည်းကြီးလှပါတယ်။ ဒါပေမယ့် ပညာသင်တယ်ဆိုတာ စာသင်တာတစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာ၊ အသက်မွေး ဝမ်းကျောင်းမှုတွေကို သင်ကြားရတဲ့ အတတ်ပညာတွေ တတ်မြောက်ဖို့က စာတတ်ရုံတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
လျှောက်လှမ်းရမယ့် ဘဝခရီးလမ်းမှာကြုံလာမယ့် လောကဓံအဆိုး အကောင်းတွေကို အသိဉာဏ်ရှိရှိနဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့အတွက် သင်ကြားပေးတာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လူ့ကျင့်ဝတ်အကြောင်း သင်ကြားပေးတာကလည်း ပညာသင်တာပါပဲ။
ပညာသင်ကြားတာနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ ကြားဖူးနေကျ ပုံပြင်လေးတစ်ခု ရှိပါတယ်။ စာတွေ့အနေနဲ့ ဘာသာရပ် တော်တော်များများ တတ်မြောက်ထားတဲ့ ဒိသာပါမောက္ခဆရာကြီးဟာ ရေကူးပညာမတတ်တဲ့အတွက် လှေမှောက်တဲ့အခါ သေဆုံး သွားရတယ်ဆိုတဲ့ ပုံပြင်လေးပါ။
ပညာသင်တယ်ဆိုတာက စာသင်တာတစ်ခုတည်းမဟုတ်ဘဲ တတ်သင့်တတ်ထိုက်တဲ့ အတတ်ပညာ၊ အသိပညာမှန်သမျှကို သင်ကြားတာကို ဆိုလိုကြောင်း ဒီပုံပြင်လေးက ထောက်ပြလျက် ရှိပါတယ်။ မိဘတွေအနေနဲ့လည်း စာတတ်တာ တစ်ခုတည်းကိုပဲ ပညာ တတ်တာလို့ ခံယူထားကြတဲ့ အယူအဆကို ပြောင်းလဲသင့်ပြီလို့ ထင်ပါတယ်။
မိဘတော်တော်များများကတော့ စာသင်တာတစ်ခုတည်းကိုပဲ ပညာသင်တာလို့ ယူဆထားကြပါတယ်။ ဒါ့ကြောင့်လည်း မိမိတို့သားသမီး ပညာတတ်တစ်ယောက်ဖြစ်ဖို့အတွက် စာသင် ကျောင်းသည်သာ အားကိုးရာအဖြစ် သတ်မှတ်လိုက်ကြပါတော့တယ်။
ကျွန်မ ငယ်ငယ်တုန်းကဆိုရင်လည်း မိဘတွေက ပညာတတ်စေချင်လွန်းလို့ ကျောင်းသွား စာကျက်တဲ့အလုပ်ကလွဲပြီး ဘာတစ်ခုမှ မလုပ်စေခဲ့ပါ။ စာသင်စာဖတ်ချိန်သာ များခဲ့ပြီး တစ်ခြားကလေးတွေနဲ့အတူ ဆော့ချိန်ကစားချိန်နည်းပါးခဲ့ပါတယ်။ ကျေးလက်မှာ ကြီးပြင်းခဲ့ရပေမယ့် မိမိရဲ့ပတ်ဝန်းကျင်အကြောင်း ဘာမှမသိ၊ သစ်ပင်သစ်တောအကြောင်း ဘာမှမသိ၊ စိုက်ပျိုးရေးလုပ်ငန်းအကြောင်းတွေ ဘာမှမသိတဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ လှေမှောက်တာနဲ့ ရေနစ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဒိသာပါမောက္ခ ဆရာကြီးလိုပေါ့။
ကျေးလက်နေ ကလေးတစ်ယောက်ဆိုရင် သစ်ပင်သစ်တောအကြောင်းတွေ၊ စိုက်ကြပျိုးကြပုံတွေ၊ လက်မှုပညာတွေ၊ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်း စတာတွေကို မိဘတွေက ကိုယ်တိုင်လုပ်နေချိန်မှာ ကလေးတွေကို ဝိုင်းဝန်းလုပ်ဆောင်စေမယ်၊ ကလေးတွေ နားလည်အောင် ရှင်းပြပေးမယ်ဆိုရင် ဒါဟာလည်း သူတို့အတွက် ပညာသင်ယူခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကျောင်းမှာတင်မဟုတ်ဘဲ မိမိတို့ရဲ့ နေအိမ် ပတ်ဝန်းကျင်ကလည်း ပညာသင်ကြားနိုင်တဲ့နေရာဖြစ်တယ်ဆိုတာကို မိဘတွေက အရင်ဆုံးနားလည်သဘောပေါက်ဖို့ အရေးကြီးလှပါတယ်။
ဖင်လန်နိုင်ငံရဲ့ ပညာသင်ကြားပုံ နည်းစနစ်အကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်မှာ မူလတန်းပြ ဆရာမတစ်ဦးရဲ့ အင်တာဗျူးအဖြေက ကလေးတွေကို ဘယ်လိုပညာသင်ကြားပေးရမလဲဆိုတာ အတုယူစရာပဲ ဖြစ်ပါတယ်။
“ကလေးတွေ သူတို့သစ်ပင်တက်ချင်ရင် တက်နိုင်တယ်လေ။ ဒါမှသူတို့ သစ်ပင်ဘယ်လိုတက်ရတယ်ဆိုတာ သိသွားတာပေါ့။ သစ်ပင်တက်နေတုန်းမှာ ပိုးကောင်လေးတွေ အမျိုးမျိုးကို သူတို့တွေ့ချင်တွေ့နိုင်တယ်။ သူတို့နောက် တစ်နေ့ကျောင်းလာတဲ့အခါ သူတို့တွေ့ခဲ့ တာတွေနဲ့ ပတ်သက်ပြီး ကျွန်မကို ပြန်ပြောနိုင်တယ်လေ” တဲ့။
စာသင်ကြားတာဟာ သူတို့အတွက် ဘာသာရပ်တစ်ခုသာဖြစ်ပြီးတော့ တခြားလူမှုပေါင်းသင်းဆက်ဆံရေးတွေ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ၊ တီထွင်ကြံဆနိုင် စွမ်းတွေကို ဦးစားပေးသင်ကြားပေးတာ တွေ့ရပါတယ်။ ကလေးတွေကိုယ်တိုင် ပေါင်မုန့်ဖုတ်တာ၊ စက်ချုပ်တာ စတာတွေကို သင်ကြားပေးနေတာကို အဲဒီမှတ်တမ်းဗွီဒီယိုမှာ တွေ့ရပါတယ်။
ကလေးတွေကို ကျောင်းနဲ့ကျူရှင်၊ ကျူရှင်နဲ့ကျောင်း မရပ်မနားပြေးလွှား နေစေတာထက် ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာတွေ့ရမြင်ရ ကြားရတာတွေကို လေ့လာမှတ်သားခြင်းဟာလည်း ပညာသင်ကြားခြင်းဖြစ်တယ်ဆိုတာ မိဘတွေ သတိပြုသင့်ပါတယ်။ ကျွန်မတို့ဆီမှာ တစ်ချို့ မိဘတွေကအစိုးရိမ်လွန်ပြီး ကလေးတွေ ရေကူးတာ၊ သစ်ပင်တက်တာမျိုးဆိုရင် ခွင့်မပြုကြတာမျိုးလည်း တွေ့နေရပါတယ်။
ကမ္ဘာမှာ ဖင်လန်နိုင်ငံဟာ အတော်ဆုံးကျောင်းသားတွေ ထွက်တဲ့နေရာမှာ ထိပ်ဆုံးအဆင့်နားမှာ ချိတ်ပါတယ်။ အနောက်တိုင်းမှာဆိုရင် ဖင်လန်က ကျောင်းသားတွေရဲ့ ကျောင်းစာသင်ချိန်က အနည်းဆုံးပဲ ဖြစ်ပါတယ်။ စာသင်နှစ်လည်း အနည်းဆုံးပါ။ ကလေးတွေ ကျောင်းသွားတဲ့အချိန်တွေ လျှော့ခြင်းအားဖြင့် သူတို့ကလေးတွေ ပိုပြီးစွမ်း ဆောင်နိုင်ကြတယ်လို့ ပညာရေးဝန်ကြီးအပါအဝင် ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။
ပညာရေးမှာ ထိပ်တန်းရောက်နေတဲ့ ဖင်လန်နိုင်ငံရဲ့ ပညာသင်ကြားပုံနည်းစနစ်ကို ကျွန်မတို့ အတုယူသင့်ပါတယ်။ ဒါ့ကြောင့် ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ မဖွင့်ဖြစ်သေးတဲ့အချိန်မှာ မိဘတွေကိုယ်တိုင်က သားသမီးတွေကို မိမိတို့သိထား တတ်ထားတာတွေကို ပြန်လည်မျှဝေပေးတာ၊ ပတ်ဝန်းကျင်မှာ တွေ့ရမြင်ရတာကနေ သင်ခန်းစာယူ လို့ရမယ့်အရာတွေကို သင်ကြားပေးတာ၊ တောတောင် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်လာအောင် သင်ကြားပေးတာ၊ လူမှုပေါင်းသင်း ဆက်ဆံရေးအကြောင်းနဲ့ လူ့ကျင့်ဝတ်အကြောင်းတွေ သင်ကြားပေးတာစတာတွေကို ကိုယ်သိထား တတ်ထားသလောက် ကိုယ့်ရဲ့ သားသမီးတွေကို ပြန်လည်မျှဝေ သင်ကြားပေးခြင်းဟာလည်း ပညာရေးပါပဲလို့ သဘောပိုက်စေချင်ပါတယ်။