လူဟာ တစ်ယောက်တည်း အထီးကျန်နေထိုင်ရခြင်းကို ချစ်မြတ်နိုးတဲ့သတ္တဝါ မဟုတ်ပါဘူး။ အဖော်မဲ့ခြင်းကို မုန်းတီးတဲ့ သတ္တဝါမျိုးပါ။
အဖော်ဆိုတာကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်၊ အသိမိတ်ဆွေ စသဖြင့် ကိုယ်နဲ့နီးကပ်စွာ ရှိနေတတ်တဲ့သူတွေပေါ့။ လူတိုင်းဟာ အထီးကျန်တဲ့အချိန်မှာ အဖော်ကိုတမ်းတတတ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး ကိုဗစ်ကာလ အိမ်တွင်းအောင်းနေရချိန်မှာ ပိုသိသာပါတယ်။ မိသားစုနဲ့အတူ ရှိနေတာတောင်မှ မိတ်ဆွေ အပေါင်းအသင်းတွေ၊ ဆွေမျိုးတွေကို တမ်းတလွမ်းဆွတ်နေမိတယ်။
အဖော်ဆိုတဲ့နေရာမှာ သက်ရှိအဖော် ရှိသလို၊ သက်မဲ့အဖော်လည်းပဲ ရှိနေနိုင်ပါတယ်။
သက်ရှိအဖော်တွေနဲ့ ကင်းကွာနေတဲ့အချိန်တွေမှာတော့ သက်မဲ့အဖော်က ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့သူတွေပေါ့။ သက်မဲ့လို့ ပြောတဲ့အထဲမှာ လူတွေဖန်တီးထားတာတွေ ပါနေနိုင်သလို၊ သဘာဝတရားတွေကလည်း ပါနေနိုင်ပါသေးတယ်။
တစ်ခါတလေ တစ်ကိုယ်ရေ လွမ်းဆွတ်ရတဲ့ညတွေမျိုးမှာ လမင်းဟာ ကိုယ့်အတွက် အရင်းနှီးဆုံးအဖော် ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေမှာ တောင်တန်းကြီးတွေ၊ ရေကန်ကြီးတွေ၊ ပင်လယ်ပြင်ကြီးတွေဟာလည်း ကျွန်တော်တို့အတွက် အဖော်ပေါ့။
တချို့သောသူတွေအတွက် တိရစ္ဆာန်လေးတွေဟာ သူတို့အတွက်အဖော်အဖြစ် ပါရမီဖြည့်ပေးနိုင်ပါတယ်။ တစ်ခါတလေမှာ စာအုပ်စာပေတွေက ကျွန်တော်တို့အတွက် အဖော်ပြုရာ။ ဒါပေမယ့် အသက်အရွယ်၊ ဝါသနာတို့အပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် အဖော် ပြုပုံခြင်း ကွဲပြားနိုင်ပါတယ်။
နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ လူတွေရဲ့အဖော်တွေထဲမှာ ရေဒီယို၊ တီဗီ၊ ဖုန်း၊ ကွန်ပျူတာတို့ဟာ လူသားတွေအတွက် နောက်ထပ်အဖော်ပြုစရာ ဖြစ်လာပါတယ်။ ဒါပေမယ့် လူတစ်ဦးအတွက်တော့ လူသားလောက်ကောင်းတဲ့ အဖော်မွန်ကတော့ မရှိသေးပါဘူး။ စကားများရန်ဖြစ်နေရတာတောင် လူသားဖြစ်နေမယ်ဆို အကောင်းဆုံးအဖော်မွန် ပါပဲ။ ကျန်တာတွေနဲ့ ရန်ဖြစ်ရတာ အရသာမရှိဘူး မဟုတ်လား။ ပတ်ဝန်းကျင်က မြင်ရင် အရူးလို့တောင် သမုတ်ခံရနိုင် တယ်လေ။
။ ။ ။
ကျွန်တော့်စကိုင်းနက်စက်လေးဟာ ပိုက်ဆံမသွင်းပေမယ့် အခမဲ့ရုပ်သံလိုင်း လေးတွေနဲ့ စခန်းသွားလို့ ရနေပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ပါဝါလိုင်းကျသွားလို့ ဖွင့်မရတော့ဘူး။ ဒီတော့ ဇနီးနဲ့ရော သမီးနဲ့ပါ ပြဿနာတက်ရပါတယ်။ သူတို့ ကြည့်နေတဲ့ ဇာတ်လမ်းတွဲတွေ မကြည့်ရတော့လို့။ တစ်နေ့ကတော့ သမီးရဲ့အပြုအမူကို ကြည့်ပြီး ကျွန်တော်အတော်လေး စိတ်မကောင်းဖြစ်သွားမိတယ်။ ကွန်ပျူတာကို ကြိုက်သလောက် သုံးခွင့်ပြုထားပေမယ့် အိမ်တွင်းအောင်းကာလ ကြာလာတော့ ကွန်ပျူတာဟာ သူတို့အတွက် ဆွဲဆောင်မှု မရှိတော့ဘူး။
အထဲမှာရှိတဲ့ ကာတွန်းကားတွေ၊ ဂိမ်းတွေ၊ ဇာတ်လမ်း တွေဟာ သူတို့ဖွင့်ကြည့်တဲ့အကြိမ်ပေါင်းများတော့ ငြီးငွေ့သွားဟန် ရှိပါတယ်။ ဒီတော့ အပြောင်းအလဲရှိတဲ့ တီဗီချန်နယ်လ်တွေက သူတို့ကို ဆွဲဆောင်မှု ရှိနေပါတယ်။ အဲဒီ တစ်ခုတည်းသော မှီခိုရာလေးကပျက်သွားတော့ သူတို့အတွက် ကမ္ဘာပျက်သလိုပါပဲ။
ကျွန်တော် စာထိုင်ဖတ်နေတုန်း သမီးဟာ တီဗီရှေ့မှာ မတ်တပ်ရပ်၊ လက်အုပ်လေးချီပြီး ဆုတောင်းနေတာ တွေ့ရတယ်။ အပေါ်မှာ ရွှေတိဂုံဘုရားပုံတော်ချိတ်ထားတော့ ဘုရားရှိခိုးနေသလား စောင့်ကြည့်နေသေးတယ်။ ဒါပေမယ့် သူ့ဆုတောင်းခန်းအပြီးမှာ မီးခလုတ်လေးကို သွားဖွင့်လိုက်ပါတယ်။ ဒီတော့မှ သူ့ရဲ့အကြံအစည်ကို ကျွန်တော်ရိပ်စားမိတော့တယ်။ ဒါပေမယ့် စလောင်းစက်လေးကတော့ ပါဝါပွင့်လို့ မလာပါ။
သမီးကိုကြည့်ပြီး ကျွန်တော့်အတွက် တွေးစရာတွေက ခေါင်းထဲ ရောက်လာတယ်။ ကလေးတစ်ယောက်အနေနဲ့ ဘာသာရေးကို သူ့ကိုယ်ရေးကိုယ်တာအတွက် အသုံးချစရာအဖြစ် ခေါင်းထဲကို ဘယ်လိုရောက်နေလဲ ကျွန်တော်တွေးနေမိတယ်။ လူကြီးတွေ လုပ်တာမြင်လို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သင်ပေးမထားတာကတော့ သေချာပါတယ်။ ဘာသာရေးရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို နားလည်အောင်ရှင်းပြရပါဦးမယ်။ အခုတော့ မဟုတ်။ သူနားလည်နိုင်တဲ့ အရွယ်ရောက်မှ ရှင်းပြပေးနိုင်မှာပါ။
။ ။ ။
အဖော်/ အဖော်ပြုခြင်းက လူတွေအတွက် အတော်အရေးပါပါလား။
အရင်တုန်းက ရွာကအမေ့အိမ်ကိုပြန်တိုင်း အိမ်တံခါးကဖွင့်ထားတတ်ပေမယ့် အမေ့ကိုတော့ မတွေ့ရ။ ဒါပေမယ့် FM ရေဒီယိုလေးကတော့ အမြဲတမ်းဖွင့် ထားတတ်ပါတယ်။ အမေအိမ်မှာ ရှိနေသမျှ သူ့အနေနဲ့ အမြဲမပြတ် တာဝန်မလစ်ဟင်းအောင် ထမ်းရွက်နေရတဲ့ပုံ ပါပဲ။ လိုင်းဆွဲအားသိပ်မကောင်းလို့ ထင်ပါတယ်။ အင်တာနာတိုင်လေးမှာ ဝါယာကြိုး လေးတစ်ချောင်းနဲ့ ချိတ်ထားတာ တွေ့ရတယ်။ အဲဒီလိုလုပ်ထားရင် လိုင်းဆွဲအားကောင်းပြီး အသံပိုကြည်ပါတယ်။
အမေ့အနေနဲ့ အိမ်နောက်ဖေးမှာ ထမင်းချက်ချင် ချက်နေမယ်။ ဒါပေမယ့် ရေဒီယိုလေးကတော့ သူ့ပရိုဂရမ်အတိုင်း သူသွားနေပါတယ်။ တစ်ခါတလေဆိုရင်တော့ ဆေးလိပ်တိုလေးနံဘေးချပြီး အမေအိပ်ပျော်နေတတ်ပါတယ်။ ဒါပေမယ့် ရေဒီယိုလေးကတော့ ဖွင့်လျက်။ ဘာကြောင့် ရေဒီယိုလေးကို အဲဒီလိုအမြဲဖွင့်ထားသလဲ ဆိုတာတော့ ကျွန်တော်မမေးမိ။ ဒါပေမယ့် ရေဒီယိုလေးဟာ ဘယ်သူမှ သူ့အနားမရှိတဲ့အချိန် သူ့အတွက် အဖော်ဖြစ်နေမယ်ဆိုတာ ကျွန်တော်ရိပ်စားမိခဲ့ပါတယ်။
အဖေကတော့ မိသားစုလေးကို ၂၀ဝ၂ ခုနှစ်ကတည်းက ခွဲခွာသွားခဲ့တာပါ။ ကျွန်တော်ကလည်း မြို့ပေါ်မှာနေသလို၊ ကျန်ညီနှစ်ယောက်က ထိုင်းမှာတစ်ယောက်၊ ကုမ္ပဏီတစ်ခုမှာ တစ်ယောက်။ ဆိုတော့ ညီမလေးတစ်ယောက်သာ အမေ့နဲ့ အတူနေတာပါ။ ညီမလေးကျောင်းသွားပြီဆို အမေဟာ အိမ်မှာတစ်ယောက်တည်း အဖော်မဲ့နေလေရဲ့။ ဒီတော့ နေ့လယ် နေ့ခင်းတွေဆို ရေဒီယိုလေးဟာ သူ့အတွက်အကောင်းဆုံးအဖော်ဖြစ်လို့ နေတော့တယ်။ အခုတော့ ညီမလေးလည်း အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရနေပါပြီ။ အမေ့အတွက် ကံကောင်းတယ် လို့ ဆိုရမှာပါ။
အခုနောက်ပိုင်း အမေ့အိမ်ရောက်ရင် ရေဒီယိုသံလေးလည်း မကြားရတော့ပါ ဘူး။ တရားတော်တွေ သွင်းထားတဲ့ MP ၃ စက်လေးလည်း ဖွင့်မထားတော့ဘူး။ ၂၄ နာရီ မီးရှိနေပေမယ့် တီဗီလည်း ဖွင့်မထားပါဘူး။ အကြောင်းကတော့ သူ့ရဲ့မြေးမလေးဟာ အရင်က အမေမှီခိုနေရတဲ့ သက်မဲ့ပစ္စည်းတွေကို အနိုင်ယူလိုက်ပါပြီ။
လူသားတွေအတွက် အဖော်ဟာ အရေးကြီးပါတယ်။ သက်ရှိလူသား အဖော်ဖြစ်မယ်ဆို ပိုကောင်းပါတယ်။ အသက်ကြီးတဲ့သူတွေဟာ သူတို့ကိုနေ့ စဉ်နဲ့အမျှ အချိန်တစ်ခုပေးပြီး စကားပြော ဖော်လုပ်ပေးဖို့ လိုပါတယ်။ ကျန်ရုပ်ဝတ္ထုပစ္စည်းတွေဟာ သူတို့ရဲ့ရင်ထဲက တမ်းတနေတတ်တဲ့ အဖော်ကို ရာနှုန်းပြည့် မဖြည့်ဆည်းနိုင်ပါဘူး။ တစ်ယောက်တည်း အထီးကျန် နေထိုင်ရတာများရင်တော့ စိတ်ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ အိမ်ဟာ တရားရိပ်သာမဟုတ်တော့ တရားနဲ့ယှဉ်ပြီး အမြဲနေဖို့ဆိုတာကလည်း မလွယ်ပါဘူး။
ဆိုတော့ ကျွန်တော်တို့အနေနဲ့ အသက်ကြီးလာရင် ဘဝကိုဘယ်လို အဖော်မျိုးနဲ့ ဖြတ်သန်းကြမလဲဆိုတာ ကြိုတွေးထားဖို့ လိုကြမှာပါ။
ဒီတစ်ခေါက် အိမ်ရောက်ရင်တော့ အဲဒီရေဒီယိုလေးအကြောင်း အမေ့ကို မေးကြည့်ရပါဦးမယ်။