လူကြီးတစ်ဦးလဲလျောင်းနားနေရန်မျှသာ အကျယ်အဝန်းရှိသော ဈေးကားသည် ဦးမြင့်အောင်တို့ မိသားစုအတွက် အိပ်ရာဖြစ်သည်။
ထားဝယ်မြို့ကမ်းနားဈေးရှေ့တွင် သူတို့ကားကို ရပ်ထားသည်။ အဖြူရောင် Hijet ဈေးကားအတွင်း ပန်းရောင်ဇာခြင်ထောင်ထဲမှာ အသက်နှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မှောက်လျက်သား နှစ်ခြိုက်စွာအိပ်ပျော်နေသည်။ အချိန်က ည ၁၁ နာရီကျော်နေ ပြီလေ။
ဦးမြင့်အောင်တို့မှာ သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာမှ နယ်ဈေးသည်များဖြစ်သည်။
ကိုဗစ်ကာလ ညမထွက်ရအမိန့်က ဦးမြင့်အောင်တို့ကဲ့သို့သော နယ်ဈေးသည်တွေအတွက် ထားဝယ်မြို့ ကမ်းနားဈေးတွင် ရောင်းကုန်လာဝယ်ရန် အခက်အခဲဖြစ်နေသည်။ နံနက် လေးနာရီမှ တက်လာလျှင် ရွာပြန်ဆင်း ဈေးရောင်းမည့်အချိန် မမီတော့ပေ။
ထိုကြောင့် အချိန်မီဈေးရောင်းနိုင်ရန် ဦးမြင့်အောင်က အသက်ကိုးနှစ်အရွယ်သားကြီးကို ဆွေမျိုးတွေထံအပ်၊ ၂ နှစ်အရွယ် သမီးလေးကိုမူ အတူခေါ်ကာ ညနေ ၁၀ နာရီဝန်းကျင်ကတည်းက ကမ်းနားဈေးတွင် လာအိပ်ရသည်။
မိုးရွာလာလျှင် ကားတွင်အဆင်သင့်တပ်ဆင်ပြီးသာ တာလပတ်ကို ဘေးကိုဆွဲချပြီး ဦးမြင့်အောင်၊ ဇနီးဖြစ်သူနှင့် ၂ နှစ်အရွယ် သမီးလေးရယ် သူတို့မိသားစု သုံးယောက်သား ထိုဈေးကားငယ်လေးထဲတွင် ကွေးကွေးလေး အိပ်ကြရသည်။
ကမ်းနားလမ်းတစ်လျှောက်တွင် ဦးမြင့်အောင်ကဲ့သို့ပင် ညမထွက်ရအမိန့်ကို ရှောင်ရှားကာ ကိုဗစ်ကပ်ဘေးအကြား စီးပွားရှာနေကြသည့် နယ်ဈေးကားတွေက ဟိုနေရာတစ်စီး၊ သည်နေရာတစ်စု။
အချို့က ဈေးကားအတွင်း ခြင်ထောင်ထောင်ပြီး အိပ်ကြသည်။ အချို့က ကားထဲ ပုခက်ဆင်ပြီး၊ အချို့က ကွန်ကရစ် လမ်းမထက်တွင်ပင် အခင်းတစ်ခုခုခင်း၊ ခြင်ထောင်ထောင်ကာ ဖြစ်သလို အိပ်ကြရသည်။
“ဝမ်းစာရေးဆိုတော့ ဒီလိုပဲလုပ်နေ ကြရတာပေါ့လေ။ အခု ဇာတ်သမားနဲ့ အတူတူပဲ။ အဆင်ပြေသလိုအိပ်။ အိမ်မှာ လိုတော့ ဘယ်လွတ်လွတ်လပ်လပ်အိပ် ရမှာလဲ” ဟု ဦးမြင့်အောင်က ဆိုသည်။
ယင်းသို့ ညမထွက်ရအမိန့်ကို ရှောင်ရှားပြီး အရောင်းအဝယ် လုပ်နေကြရသည့် ဈေးသည်များသည် တစ်နေ့ကို သုံးနာရီမှ အများဆုံးငါးနာရီအထိသာ အိပ်စက်ကြရကြောင်း ဈေးသည်အချို့က ပြောသည်။
ယင်းအတွက်ကြောင့် ဈေးသည်များက ယခင်လို နေ့တိုင်း အလုပ်လုပ်မနိုင်ကြဘဲ ငါးရက်၊ ခြောက်ရက်ကြာလျှင် တစ်ကြိမ်၊ နှစ်ရက်ခြားတစ်ကြိမ် စသည်ဖြင့် အနားယူပြီး အလုပ်လုပ်နေကြရသည်ဟု ဈေးသည်အချို့က ပြောသည်။
ယင်းသို့ အိပ်ရေးပျက်ခံပြီး အလုပ်လုပ်သဖြင့် ရသည့်ဝင်ငွေက တစ်နေ့လျှင် ကျပ်တစ်သောင်းမှ ကျပ်သုံးသောင်းအကြား ရရှိကြသည်ဟုဆိုကြသည်။
အခန့်မသင့်လျှင် ထိုအမြတ်ငွေများထဲက အချို့တစ်ဝက်ကို အခြားသူများအား မျှပေးလိုက်ရ သေးသည်။
လောင်းလုံးမြို့နယ် နခံတောရွာမှ မောင်နှမသုံးဦးသည် ကမ်းနားဈေးတွင် ဟင်းသီးဟင်းရွက်ရောင်းချရန် ထားဝယ်မြို့ရှိအသိအိမ် တစ်အိမ်တွင်တည်းခိုကြသည်။
သူတို့သိထားသည်က ထားဝယ်မြို့ပေါ်သို့ ရောက်နေပြီဆိုပါက ညမထွက်ရ အမိန့်ကြောင့် ဖမ်းဆီးအရေးယူခြင်း မခံရနိုင်။ ကမြောကင်းတံတားကတော့ ပိတ်ထားသည်ကိုး။
ယင်းအတွက်ကြောင့် နံနက်လေးနာရီမတိုင်မီ တည်းခိုနေသော အိမ်မှ ကမ်းနားဈေးသို့အလာလမ်းတွင် ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ သို့သော် သူတို့အရေးယူမခံရ။ အိပ်ကပ်ထဲက ငွေအချို့ကတော့ ခုန်ထွက်သွားသည်။
“သူတို့ကတော့ မတောင်းပါဘူး။ ကျွန်မတို့ကားက ဖမ်းမိသွားပြီဆိုတော့ လက်ဖက်ရည်ဖိုး ပေးသုံးလိုက်တာပေါ့” ဟု ၎င်းးတို့က ပြောသည်။
ညက မှောင်မိုက်ခြင်း၊ တိတ်ဆိတ်ခြင်းတို့က ကြီးစိုးနေဆဲ။ ညမထွက်ရအမိန့်က တည်မြဲနေဆဲ။ ဗိုလ်မှူးကြီးဗထူး ကြေးရုပ်အနီးတွင် နယ်ဈေးသည်များ ကမြောကင်းတံတား အဖွင့်ကို မိုးရွာလည်းစောင့်၊ မရွာလည်းစောင့်နေကြဆဲ။
ယင်းတို့ကား လက်လှုပ်မှ ပါးစပ်လှုပ်ရသည့် ကိုဗစ်ကပ်ကြားက ဈေးသည်တို့၏ အခက်အခဲ ဒုက္ခအချို့သာ ရှိပါသေးသည်။
“အလုပ်မလုပ်ဘဲလည်း နေရလို့မရဘဲကိုး” ဟု ဦးမြင့်အောင်ကဆိုသည်။
သူ့သမီးကလေးကတော့ ပန်းရောင်ဇာခြင်ထောင်အတွင်း နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ။
ကျော်သူစိုး