BREAKING
September 19, 2024

မိဘ/အုပ်ထိန်းသူ တစ်ဦးတည်းသာ ကျောင်း ကြို/ပို့လုပ်ရမည်

June 15, 2020

ကိုဗစ်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ကျောင်းအကြို/ အပို့ ပြုလုပ်ရာတွင် မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးတည်းသာ သီးသန့် ကြို/ပို့ပြုလုပ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။


ကျောင်းအကြို/အပို့ လုပ်မည့်သူအားလုံးကို စာရင်းကောက်ယူကာ ဖုန်းနံပတ်ယူထားမည်ဖြစ်ပြီး စာရင်းပေးထားသည့် မိဘ သို့မဟုတ် အုပ်ထိန်းသူကသာ ကျောင်းအကြို/အပို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်မြင့်စိန်က ပြောသည်။


“တခြားလူရဲ့လာပို့ရင် တစ်ခြား လူကနေ ရောဂါကူးတာတွေ ဖြစ်မှာစိုးလို့၊ နောက်တစ်ခုက ဒီကလေးနဲ့ပက်သက်တဲ့ အကြောင်းအရာကို လာပို့တဲ့သူကိုပဲ ဆက်သွယ်ပြီး ပြောမယ်” ဟု ဒေါ်မြင့်စိန် က ပြောသည်။


ကျောင်းသား၊ မိဘ၊ ဆရာများအနေဖြင့် ကျောင်းသို့ မလာမီ၊ ကျောင်းတက်နေစဉ်နှင့် ကျောင်းလွှတ်ချိန်များတွင် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို ကျောင်းအုပ်ကြီးမှ ရှင်းလင်းပြောပြမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။


မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးငယ် ကျောင်းသူ/သားများကို လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျလက်ဆေးခြင်း၊ ပါးစပ် နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ၊ နှာချေချောင်းဆိုးရာတွင် လိုက်နာရမည့်ကျင့် ဝတ်များ၊ အဟာရပြည့်ဝအောင် စားသောက်ရန်၊ အိပ်ရေးဝအောင် အိပ်စေရန်၊ တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဆောင်ရွက်ရန်တို့ကို သင်ကြားပေးရမည်ဟု ထုတ်ပြန်ထားသည်။


ထို့အပြင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစသည့် လက္ခဏာများရှိသော ကလေးများကို ကျောင်းသို့ လုံးဝမလွှတ်ရန်နှင့် ခွင့်တိုင်ကြားပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

မိုးမြင့်