သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၅ ရက်မှာလည်း လေယာဉ်ဖြင့် ထပ်မံဗုံးကြဲပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။
စစ်ကောင်စီ၏ ပဲဒက်စခန်း သိမ်းယူခံရပြီးနောက် မေလ ၈ ရက်၊ ၁၀ ရက်၊ ၁၄ ရက်နေ့တွင် လေကြောင်းက ဗုံးကြဲပစ်ခတ်ခဲ့သည်။ ယနေ့မှာ လေးရက်မြောက် ဗုံးကြဲခြင်းဖြစ်သည်။
မေလ ၁၄ ရက် နံနက်အစောပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတို့ဖြင့် တိုက်ခိုက်နေကြောင်း ဒေသခံအချို့က ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီရေတပ် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို မွန်းလွဲ ၂နာရီခွဲခန့်တွင် လေယာဉ်နှစ်စီးဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းတို့က ပြောဆိုသည်။
“ရွာအစပ်တွေကို ဗုံးကြဲတယ်။ ရွာထဲကိုလည်း ဗုံးကြဲတယ်။ အိမ်တွေ မီးလောင်လို့ မီးခိုးလုံးတွေတက်လာတာ တွေ့ရတယ်။ မီးရှို့လို့လောင်တာလား၊ လက်နက်ကြီးကျလို့ လောင်တာလား၊ ဗုံးကြဲလို့ လောင်တာလားဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု ကနက်သီရိကျေးရွာက စစ်ဘေးရှောင်နေရသူ အမျိုးသားတစ်ဦးက ပြောသည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင်း ထိခိုက်မှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
“စစ်သင်္ဘောက ပစ်တဲ့ လက်နက်ကြီးသံဟာ တစ်ချက်တစ်ချက် ဟိန်းနေတာပဲ။ အသက်ကြီးရွယ်အိုတွေ လသားအရွယ် ကလေးတွေ ရင်ဘတ်တုန်ခါမှုကြောင့် သေနိုင်တယ်” ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။
သရက်ချောင်းနှင့် ပုလောမြို့နယ်တို့ကို ဆက်သွယ်သွားလာရာတွင်အရေးပါသည့် ပြည်ထောင်စုလမ်းမပေါ်တည်ရှိ သည့် ပဲဒက်စခန်းသိမ်းခံရသောမေလ ၈ ရက်တွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကနက်သီရီရွာကို လေကြောင်းဖြင့် ဗုံးကြဲသောကြောင့် အသက် ၁၃နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့သည်။
မေလ ၁၀ ရက်တွင် လေကြောင်းဖြင့် ထပ်မံဗုံးကြဲရာတွင်လည်း အမျိုးသား သုံးဦးသေဆုံးပြီး တစ်ဆယ်ခန့် ဒဏ်ရာရခဲ့သည်။
ယင်းနောက် ကနက်သီရိကျေးရွာ ပင်လယ်ဝကို စစ်သင်္ဘောနှစ်စီးဖြင့်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ မေလ ၁၃ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကနက်သီရိကျေးရွာအပါအဝင် ရငဲ၊ ကမြိုင်၊ ဆီတော၊ သဲလှမ်း၊ ပဲဒက်၊ ပဲဝ၊ တံခွန်တိုင်၊ အောက်သရက်ချောင်း၊ ပိတောက်ကြီး စသည့်ကျေးရွာက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။
ရေဖြူမြို့နယ် ဇင်းဘာရွာနှင့် မိကျောင်းလှောင်ရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ မေလ ၇ ရက်ကစကာနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး မြိတ်ခရိုင်၊ ပုလောမြို့နယ် ထမင်းမစားရွာတွင်လည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်မှာ နှစ်ပတ်ကျော်လာပြီဖြစ်သည်။
စစ်ကောင်စီသည် ထားဝယ်အရှေ့တော၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူမြို့၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကျွန်းစုစသည့်မြို့နယ်တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။