BREAKING
October 19, 2024

မြန်မာလုပ်သားငါးဦးကို အချုပ်က ထုတ်ပေးရန် မြန်မာပွဲစား ဘတ်တစ်သိန်းကျော်တောင်း၊ ရက် ၂၀ အထိ ပြန်မလွတ်

May 15, 2024

ပုံစာ - ရဲစခန်းတွင် ကူညီပေးနေသော WAG အဖွဲ့နှင့် အလုပ်သမားတစ်ဦးကို တွေ့ရစဉ်။ Photo - WAG

ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင် ဘန်ဖီနယ်မြေတွင် အချုပ်ထဲက မြန်မာအလုပ်သမားငါးဦးကို ပြန်ထုတ်ပေးရန် မြန်မာပွဲစား တစ်ဦးက ဘတ်တစ်သိန်းကျော် ယူထားသော်လည်း ရက် ၂၀ ကျော်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း WAG အဖွဲ့နှင့် အလုပ်သမားများထံမှ သိရသည်။

ဘန်ဖီနယ်မြေရှိ New Moon Thai Co.,ltd သစ်သီးစက်ရုံကို ဧပြီလ ၂၃ ရက်က ထိုင်းလဝက ဝင်ရောက်စစ်ဆေးပြီး မြန်မာအလုပ်သမား ၂၀ ကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ရဲစခန်းတွင်စစ်ဆေးပြီး ည ၇နာရီခန့်တွင် မြန်မာအလုပ်သမား ၁၂ဦးကို ပြန်လွှတ်ပေးခဲ့ကာ အလုပ်လုပ်ခွင့်အထောက်အထား စာရွက်စာတမ်းမရှိသော သုံးဦးနှင့် အလုပ်ရှင်မတူဘဲ လုပ်ကိုင်သူ ငါးဦးကို ဆက်လက်ဖမ်းဆီးခဲ့ကြောင်း WAG ထံမှ သိရသည်။

အထောက်အထားမရှိသူ သုံးဦးကို မြန်မာနိုင်ငံ ပြန်ပို့မည်ဟုဆိုကာ ဘန်ကောက်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ပြီး ကျန် ငါး ဦးကိုမူ အလုပ်ရှင်က တာဝန်ယူထုတ်ပေးခြင်း မရှိသဖြင့် ရဲအချုပ်ခန်းတွင်ပင် ဆက်လက်ထိန်းသိမ်းထားကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်ရှင်က တာဝန်မယူပေးသဖြင့် ထိုင်း-မြန်မာစကားပြန်ဖြစ်သူ ကိုအောင်ပြည့်စုံအမည်ရှိ မြန်မာပွဲစားကို အကူအညီ တောင်းခံခဲ့ရာတွင် ဒဏ်ကြေးငွေပေးဆောင်ပါက လွတ်မည်ဖြစ်ကြောင်း ပြောသဖြင့် စက်ရုံရှိ မြန်မာအလုပ်သမားများ စုပေါင်းပြီး ဘတ်ငွေ ၁၂၄၀၀၀ ကို ပေးချေခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။

သို့သော် ၂၂ ရက်ကြာသည်အထိ မြန်မာအလုပ်သမားများ အချုပ်ထဲက ပြန်လွတ်လာခြင်း မရှိသဖြင့် ဒုက္ခရောက်နေ ကြကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့က ကိုမုန်တိုင်းက ဆိုသည်။

“ကောင်လေးတွေက လွတ်မယ်ဆိုပြီးတော့ ဒီငွေတွေကို အခက်အခဲတွေထဲကနေ ရှာပေးကြရတာ။ အထူးသဖြင့် မရှိမဲ့ရှိမဲ့နဲ့ အိမ်ကနေပြန်တောင်းပြီး ပေးထားကြတာ။ အဲဒါတောင် သူတို့အချုပ်ထဲကနေလည်း မလွတ်ကြသလို သူတို့ကို ဘာအမှုနဲ့ ထပ်စွဲထားမှန်းတောင် မသိကြရဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသော မြန်မာအလုပ်သမားများသည် သူဌေး မတူသည်မှလွဲ၍ စာရွက်စာတမ်း ပြည့်စုံသူများ ဖြစ်သဖြင့် အာမခံဆောင်၍ ပြန်လွတ်ရမည့်သူများဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။

ပွဲစားသည် ရဲစခန်းသို့ အာမခံငွေသွင်းခြင်းမရှိဟု ရဲတပ်ဖွဲ့က ပြောကြားထားပြီး လက်ရှိတွင် မြန်မာအလုပ်သမားများကို ရွေးထုတ်ပေးမည့်သူ မရှိဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာပွဲစားထံ WAG က ဆက်သွယ်မေးမြန်းရာတွင်လည်း ပေးချေထားသည့် ငွေကြေးများ မည်သို့အသုံးပြုထားသည်ကို ရှင်းရှင်းလင်းလင်း ဖြေကြားပေးခဲ့ခြင်းမရှိဘဲ ဆက်တိုက် ရှောင်လွှဲနေခဲ့ကြောင်း WAG ထံမှ သိရသည်။

မြန်မာပွဲစားကို နောက်ထပ် ဖုန်းဆက်လျှင်လည်း ဖြေဆိုခြင်း မရှိသည့်အပြင် အလုပ်ရှင်သူဌေးကပါ တာဝန်မယူပေးသဖြင့် အချုပ်ကျနေသော အလုပ်သမားများ အခက်အခဲများ ကြုံတွေ့နေရကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။

“သူတို့ကို သူဌေးကလည်း တာဝန်မယူပေးတော့ ပိုဆိုးတာပေါ့။ စားဖို့သောက်ဖို့ ကူညီပေးနေရတယ်။ သူတို့ လုပ်အားခတွေ ကိုလည်း သူဌေးက ထုတ်မပေးထားဘူးဗျာ။ တော်တော်ဆိုးတယ်” ဟု ၎င်းက ပြောသည်။

ပွဲစား ကိုအောင်ပြည့်စုံကို Dawei Watch က ယနေ့ မေလ ၁၅ ရက် ညနေ ၅ နာရီခွဲခန့်တွင် ဖုန်းဆက်မေးမြန်းရာ ထိုင်းအမျိုးသမီးတစ်ဦးထံမှတစ်ဆင့်အမြန်ဆုံး ပြန်လည်ဖြေရှင်းပေးရန် ကြိုးစားနေဆဲဖြစ်ပြီး ပြန်ဖြေရှင်းပေးနိုင်မည့် ရက် အတိအကျ မသိရသေးကြောင်း ဖြေကြားသည်။

WAG အဖွဲ့နှင့် အလုပ်သမားတို့ကမူ ယခုရက်ပိုင်းအတွင်း ဖြေရှင်းပေးရန် တောင်းဆိုထားပြီး မဖြေရှင်းပေးပါက ငွေကြေး လိမ်လည်မှု၊ အချက်အလက်လိမ်လည်ရယူထားမှုများဖြင့် ပွဲစားကို တရားစွဲရန် ပြင်ဆင်ထားကြောင်း ပြောသည်။

အထောက်အထား မရှိသဖြင့် ဖမ်းဆီးခံရသူ သုံးဦးမှာလည်း ဘန်ကောက် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားဆဲဖြစ်ပြီး မြန်မာနိုင်ငံနေရပ်သို့ ပြန်ပို့ရန် စီစဉ်နေကြကြောင်း အလုပ်သမားများထံမှ သိရသည်။