လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ မေလ ၁၅ ရက် နေလယ်ပိုင်းတွင် နေအိမ်ရှေ့တွင်ရှိသည့် ဆိုင်ခန်း သွပ်ပြားတက်မိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း ဒေသခံတို့က ပြောသည်။
ဓာတ်လိုက်သေဆုံးသူမှာ မောင်းမကန်ရွာသား အသက် ၃၀ ကျော်အရွယ်ရှိ ကိုလွင်ဖြိုးဆိုသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ကိုလွင်ဖြိုးသည် နေ့လယ် ၁၂နာရီ လျှပ်စစ်ဓာတ်အားပြန်လာချိန်တွင် လျှပ်စစ်အသုံးပြုကာ သွပ်ပြားမိုးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“အော်သံတစ်ချက်ကြားလို့ တက်ကြည့်ရာက လဲနေတယ်။ မီးကြိုးပဲ ပေါက်နေလား၊ သွပ်ပြားနဲ့ လျှပ်စစ်ဓာတ်ကြိုးနဲ့ ငြိတာလားတော့ ဘယ်သူမှာမသိဘူး။ အဲဒီကတည်းက သေသွားပုံရတယ်” ဟု ၎င်းက ပြောသည်။
ဓာတ်လိုက်ခံရပြီးနောက် ကိုလွင်ဖြိုးကို ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ခေါ်ဆောင်သွားသော်လည်း အသက်ကို ကယ်တင်နိုင်ခြင်း မရှိတော့ကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။
ကိုလွင်ဖြိုးတွင် ဇနီးနှင့် ၂ နှစ်ဝန်းကျင်အရွယ် သားယောက်ျားလေးတစ်ဦးကျန်ရစ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည်စက်ချို့ယွင်းသဖြင့် လျှစ်စစ်ဓာတ်အား အချိန်ပိုင်းသာ ရရှိပြီး လျှပ်စစ်မီးလာမည့်အချိန်ကို စောင့်ဆိုင်းကာ ဒေသခံများမှာ အလုပ်လုပ်ကိုင်ကြရသည်။