ရေဖြူမြို့နယ်၊ ဇာဒီရွာ ယနေ့ မေလ ၁၅ ရက် နေ့လယ်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အရပ်သားထိခိုက်မှုရှိကာ ရွာသားများ ထွက်ပြေးနေရကြောင်း ရွာသားများက ပြောသည်။
ဇာဒီရွာ မြောက်ဘက်တွင်ရှိသည့် မောရဝတီရေတပ်က ပစ်ခတ်နေခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။
“အိမ်တစ်လုံး ထိပြီး လူတစ်ယောက် ထိတာတော့ သိထားရတယ်။ အားလုံး ပြေးလွှားနေရတယ်။ အခြေအနေ မငြိမ်သေးလို့ အတိအကျ မသိရသေးဘူး” ဟု ရှောင်တိမ်းနေရသည့် ရွာသားတစ်ဦးက ပြောဆိုသည်။
လက်ကြီးပစ်ခတ်သံကို ဇာဒီရွာနှင့် ကျေးရွာနှစ်ရွာအကွာရှိ ကံပေါက်ရွာကပင် ကြားရကြောင်း ကံပေါက်ရွာ၊ ဗိုလ်ချုပ်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။
မေလ ၁၃ ရက်ကလည်း ဇာဒီရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရောက်နေသည်ဟုဆိုကာ မောရဝတီရေတပ်က ကားနှစ်စီးဖြင့် ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာတွင် လာရောက်ကင်းပုန်းချထားကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၇ ရက်ကစ၍ ကလိန်အောင်မြို့နှင့် ကံပေါက်တိုက်နယ်တို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။