ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာသား တစ်ဆယ်ကျော် အဖမ်းခံထားရကြောင်း ယင်းရွာတွင် နေထိုင်သူအချို့ထံမှ သိရသည်။
မေလ ၁၄ ရက်နေ့က ကျောက်နီမော်ရွာ ရဲကင်းစခန်းတွင် ရဲနှင့်စစ်သား နှစ်ဆယ်ကျော် တပ်လာစွဲပြီးနောက် ၎င်းတို့ စာရင်းစာရွက်ပါ ရွာသားများကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေကာ ဖမ်းဆီးခဲ့ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
“အဖမ်းခံရတဲ့အားလုံးက နိုင်ငံရေးကြောင့်မဟုတ်ဘူး။ လူမူရေးကိစ္စတွေနဲ့ သတင်းပေးပြီးတိုင်လို့ အဖမ်းခံရသူတွေလည်း ပါတယ်” ဟု ယင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နေ့ ည ၇ နာရီခန့်မှစပြီး ညနက်ပိုင်းအချိန်အထိ နေအိမ်များနှင့် လှေထဲတွင်လိုက်လံရှာဖွေဖမ်းဆီးခြင်းကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ဆိုသည်။
အဖမ်းခံရသူ ၁၁ ဦးကို မေလ ၁၅ ရက် နံနက် ၁၀ နာရီကျော်အချိန်အထိ ကျောက်နီမော်ရဲကင်းစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ပြောသည်။
ကျောက်နီမော်ရွာမှာ ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်ဘုရားသို့ သွားရာလမ်းတွင်တည်ရှိပြီး ထားဝယ်မြို့မှ ၃၉ မိုင်ခန့်အကွာတွင် တည်ရှိကာ ဒေသခံများက ရေလုပ်ငန်းဖြင့် အဓိကအသက်မွေးကြသည်။