“မီးရေ အဆင်ပြေလား” လို့ ကျနော် စာပို့လိုက်တယ်။ ပြီးတော့မှ သတိရစွာနဲ့ပဲ “မီးနဲ့ ရေကို ပြောတာနော်” လို့ တစ်ဆက်တည်း ထပ်ပြောလိုက်ပါတယ်။
ငလျင်ကြီးလှုပ်ပြီးလို့ နောက်တစ်ရက်မှာ ရန်ကုန်က သူငယ်ချင်းကောင်မလေးတစ်ယောက်ကို လှမ်းပြီးတော့ စကားပြောဖြစ်တာပါ။
သူငယ်ချင်းက ကျနော့်စာကို ဟဟပေးပြီး ပြန်ဖြေပါတယ်။ “အခုတော့ ဖုန်းအားကို သူများဆီမှာ သွားသွင်းနေရတယ်” တဲ့။
“ထမင်းရော စားရရဲ့လား၊ ရေရောချိုးရရဲလား” လို့ ကျနော်က မေးပါတယ်။
“ထမင်းကတော့ ချက်လို့ရသေးတယ်။ ရေကတော့ မချိုးရလည်း ပြဿနာမရှိပါဘူး။ ငါက နဂိုကတည်းက သန့်ပြီးသား” လို့ သူက ပြန်ဖြေပါတယ်။ ဒီလိုနဲ့ ကျနော်တို့ရဲ့ စကားသေတ္တာထဲမှာ ဟားတိုက်ရယ်မောတဲ့ အရုပ်ကလေးတွေ လူးလားခေါက်ပြန် ဖြစ်လို့နေပါတယ်။
ဘေးဒုက္ခတွေအကြားမှာ ဟာသထုတ်ပြီး ရယ်မောပျော်ရွှင်နေကြတာဟာ ပတ်ဝန်းကျင်ကို မစာနာလို့မဟုတ်ဘဲ ကိုယ့်ရပ်တည်ရှင်သန်ရေး ရှေ့ခရီးအတွက် ခွန်အားဖြစ်စေကြောင်း ကျနော်တို့ ကိုယ့်ဘာသာ နားလည်ထားခဲ့ကြပါတယ်။
သူနဲ့ ကျနော်ဟာ ဟာသတွေ အခုလိုပဲ ရှာကြံပြီး ပြောဖြစ်၊ ရယ်လေ့ရှိကြပါတယ်။ ဒါမှမဟုတ် အဖြစ်အပျက်တွေကို ဟာသနှောပြီး ပြန်ပြောလေ့ရှိကြပါတယ်။ ကျနော်တို့တိုင်းပြည်မှာ မပျော်ရွှင်ရတော့တာဟာ ကိုဗစ်တွေဖြစ်ကတည်းက။ နောက် အာဏာသိမ်းလိုက်တော့ မပျော်ရတော့တာအပြင် စိတ်တွေပါ လေသွားရတဲ့အထိ။ ဒါတွေအကြားမှာပဲ ရေကြီးလိုက်၊ မီးလောင်လိုက်၊ ဓားပြတိုက်လိုက်။ အခုတစ်ခါ စိတ်ထိခိုက်ဖွယ်ရာ ငလျင်ဘေးဆိုးကြီး။
ငလျင်ဟာ ရန်ကုန်မြို့ကို ကြီးကြီးမားမား မထိပေမဲ့ သူနဲ့ဆက်နွှယ်ပြီး လျှပ်စစ်မီးတွေ ပိုပြတ်လာခဲ့တယ်လို့ ကျနော်ကြားရပါတယ်။ မီးပြတ်တာနဲ့အတူ ရေလည်း ပြတ်တာပေါ့လေ။ ဒီတော့ မှောင်ထဲ မည်းမည်း၊ ပူပူလှောင်လှောင်။
မီးမလာပေမဲ့ ဂတ်စ်နဲ့ ချက်တာကြောင့် ထမင်းချက်လို့ရသေးတဲ့အကြောင်း၊ ဒါပေမဲ့ ဂတ်စ်ဆိုင်တွေမှာလည်း မီးမလာတာကြောင့် ဂတ်စ်မလုံလောက်တော့တဲ့အကြောင်း၊ အခုဆို ဘတ်စကားလိုင်းတချို့ ဂတ်စ်မရလို့ မပြေးနိုင်တော့တဲ့အကြောင်း၊ ဘတ်စကားမပြောနဲ့ မီးဖိုသုံးဂတ်စ်ဆိုင်တွေမှာတောင် လူတွေ တန်းစီပြီးဝယ်ယူနေရတဲ့အကြောင်းတွေကို သူက ပြောပြပါတယ်။
ကြားရတာတွေက စိတ်မချမ်းသာစရာတွေပါ။ နောက်ထပ်ရန်ကုန်က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တော့လည်း သူ့ဆီကကြားရတဲ့အကြောင်းအရာတွေက ဒါတွေပါပဲ။ မီးက တစ်ရက်မှ တစ်နာရီ၊ နှစ်နာရီလောက်ပဲ လာ၊ သူ့မှာ အင်ဗာတာလေး ဝယ်ထားမိလို့ လာတဲ့အချိန်အားသွင်းပြီး အလုပ်လုပ်လို့ ရနေသေးတာ။ မီးလာတဲ့အချိန်က ခဏမို့ အဲဒီခဏအတွင်းမှာ တိုက်ခန်းတွေများစွာက ဝိုင်းအုံသုံးကြ၊ သူ့မှာတော့ ရေတင်လို့မရ။ ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ ကလို ရပ်ကွက်ထဲမှာ ရေစည်တွေနဲ့ လှည့်ရောင်းတဲ့သူတွေတောင် ပြန်ရှိနေပြီလို့ သူကဆိုပါတယ်။
ဒါပေမဲ့ သူတို့တွေရဲ့ ဖြည့်တင်းနိုင်စွမ်းဟာ လိုအပ်ချက်ကို ပြည့်မီမယ်မထင်ပါဘူး။ ပြီးတော့ ရေတစ်စည်ရဲ့တန်ဖိုးကလည်း လေးငါးရှစ်ထောင်။ ဒီတော့ သာမန်မိသားစုတွေဖို့ ဝယ်သုံးဖို့ အဆင်မပြေနိုင်ပါဘူး။
ဖိနပ်နှစ်ဖက်ကို လက်မှာလျှို၊ ယပ်တောင်စုတ်တစ်ချောင်းကို ခေါင်းမှာထိုးပြီး နေပူပူကတ္တရာလမ်းပေါ် ထွက်ပြီး ကနေဖို့တောင် ကောင်းသေးရဲ့။ စိတ်လွတ်ကိုယ်လွတ်ပေါ့။ ဒါပေမဲ့ ထမင်းက မလွတ်တော့ခက်တယ်။ အပူတွေထဲမှာပဲ စားဝတ်နေရေးအတွက် ဆက်ပြီးရုန်းကန်ကြရုံပေါ့။
ကျနော်တို့ဟာ အဆိုးဆုံးအခြေအနေတွေထဲကနေ လွတ်မြောက်ဖို့ ကြိုးစားဖြတ်ကျော်နေချိန်မှာ ဟာသတွေလုပ်တတ်ဖို့၊ သရော်တော်တော်မှုတွေ ပြုတတ်ဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်။
တစ်ဖက်ကပြန်ကြည့်ရင် ဒီလိုမျိုးလုပ်နေနိုင်တာကိုက အခြေအနေတွေ တကယ်ဆိုးမနေသေးလို့လည်း ဖြစ်နိုင်ပါတယ်။ တကယ့်တကယ် ဒုက္ခရောက်နေကြပြီဆိုတဲ့အခါ ကျနော်တို့မှာ အဲဒါတွေကို ဟာသလုပ်ပစ်ဖို့တောင် တတ်နိုင်ပါဦးမလားဆိုတာတော့ မပြောတတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဝတ္ထုတစ်ပုဒ်ထဲမှာ ဖတ်မိတာလေးကိုတောင် သတိရမိပါတယ်။ “အဲသလို ဟန်ဆောင်ထားနိုင်သေးတာကိုက အခြေအနေမဆိုးသေးဘူး” ဆိုတဲ့ စကားပါပဲ။
ဘဝတစ်လျှောက် ကြုံတွေ့ခံစားခဲ့ရတဲ့ အဆင်မပြေမှုတွေ၊ ဆင်းရဲမှုတွေကို ဟာသအမြင်နဲ့ ပြန်ကြည့်ပြီး သရော်တော်တော်ရေးထားတဲ့ ဝတ္ထုတွေကိုလည်း ကျနော် ကြိုက်ပါတယ်။ ဗမာဝတ္ထုဖြစ်ဖြစ်၊ နိုင်ငံတကာ ဝတ္ထုဖြစ်ဖြစ်ပေါ့။ ကျနော်တို့ လူငယ်ဘဝတစ်လျှောက် သည်းသည်းခိုက် ကြိုက်ခဲ့တဲ့ နာမည်ကျော် ကဗျာဆရာ တာရာမင်းဝေရဲ့ ‘မီးတောက်ရစ်သမ်’ ဆိုတဲ့ အချစ်ကဗျာရှည်တစ်ပုဒ်ထဲက စသားတစ်ခုကလည်း ဒီသဘောပါနေပါတယ်။
‘မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ဂျစ်ပစီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ’တဲ့။
သူငယ်ချင်းက ပြောပါတယ်။
“…Pay အကောင့်ကို ဂရုစိုက်အုံးနော်” တဲ့။ ကျနော်သုံးနေတဲ့ ဘဏ်အကောင့်ကို ပြောတာပါ။ ဘဏ်နာမည်ကိုတော့ ကျနော် ထည့်မပြောပါရစေနဲ့။)
သူ့စကားကို ရုတ်တရက် ကျနော် နားမလည်ပါဘူး။ “ဘာလို့လဲ”လို့ ပြန်မေးတော့ “ငလျင်ဘေးအတွက် ဟိုဘဏ်ကြီးက ၁၅ ဘီလီယံလှူမယ်ဆိုလား” ဆိုပြီး သူက ပြန်ပြောတော့မှ ကျနော် ရယ်လိုက်မိပါတယ်။
ချက်ချင်းဆိုသလိုပဲ ‘သူကြီးဘုရား၊ ရွာသားကောင်းမှု’ဆိုတဲ့ စကားပုံကို လှမ်းပြီးသတိရမိပါတယ်။
သူငယ်ချင်းကိုယ်တိုင်လည်း သူ့ အကောင့် ပိတ်ခံထားရသူပါ။ မရှိမဲ့ ရှိမဲ့ စုဆောင်းထားတာလေးတွေ ပလုံသွားရှာတာပေါ့။ သူငယ်ချင်းဟာ သူ့မကျနပ်မှုတွေကို ဟာသအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသူပါပဲ။
“ဘဝမှာ တစ်ခါမှ အခုလောက် ကြီးကြီးမားမား မလှူခဲ့ဖူးဘူး” လို့ အဲဒီတုန်းက သူ ပြောခဲ့ပါတယ်။
တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘဏ်အကောင့်တွေ ပိတ်ခံရသူတွေ မနည်းတော့တဲ့အကြောင်း ကျနော်တို့ ကြားသိနေခဲ့ပြီးပါပြီ။ ငွေကြေးတွေ ဆုံးရှုံးရတဲ့ပမာဏတွေ မနည်းတော့ပါဘူး။ ပြီးခဲ့တဲ့ ရေဘေးတုန်းကလည်း ရေဘေးကူရင်း အကောင့်ပိတ်ခံလိုက်ရတဲ့ မိတ်ဆွေတွေလည်း ရှိပါတယ်။
ဆက်စပ်လို့ တွေးမိတာက အခုငလျင်ဘေးဒုက္ခတွေကနေ ပြန်လည်ထူထောင်ဖို့ စစ်ကောင်စီရော၊ သက်ဆိုင်ရာဘဏ်တွေရာဟာ ပိတ်ထားတဲ့ ပြည်သူလူထုတွေရဲ့ ဘဏ်အကောင့်တွေကို ပြန်ဖွင့်ပေးရင် ကောင်းမှာပဲဆိုတာပါ။ ဒါဟာ ပြည်သူလူထုတွေရဲ့ လူမှုဒုက္ခတွေကို ပြန်ပြီးကူညီရာလည်း ရောက်ပါတယ်။
စိတ်ပညာရှင်တွေ၊ ဦးနှောက်ဗေဒပညာရှင်တွေနဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ သုတေသနတွေအရ ဟာသဉာဏ်ရှိဖို့ဟာ လူတွေအတွက် အရေးကြီးပါတယ်။
ဟာသဉာဏ်ရှိတဲ့အခါ စိတ်ဖိစီးမှုကို လျှော့ချစေနိုင်ပါတယ်။ ရယ်မောလိုက်တဲ့အခါ လူ့ဦးနှောက်ထဲက စိတ်ဖိစီစေတဲ့ဟော်မုန်းတွေကို လျှော့ကျသွားစေပါတယ်။ ပျော်ရွှင်စေတဲ့ဓာတ်တွေကို ထုတ်ပေးစေပါတယ်။ နောက်တခါ လူမှုဆက်ဆံရေးကို သဟဇာတဖြစ်စေပါတယ်။ ဟာသထုတ်နိုင်တဲ့သူတွေကို လူတွေသဘောကျတတ်တာ သဘာဝပဲမဟုတ်လား။ တခါ စိတ်ကူးအသစ်တွေကို ပေါ်ပေါက်စေပါတယ်။ ဖန်တီးမှုအသစ်တွေကို လုပ်နိုင်ပါတယ်။ နောက်ထပ်အရေးကြီးတာက စိတ်ဓာတ်ခံနိုင်ရည်ကို သန်မာလာစေတာပါ။ အဆင်မပြေမှုတွေကြောင့် စိတ်ကျပြီး လဲပြိုကျချင်ချင်ဖြစ်နေတာကို တားဆီးနိုင်ပါတယ်။ ပြီးတော့တခါ ဉာဏ်ရည်ကိုလည်း ထက်စေတယ်တဲ့။ ဒါတွေဟာ ကျနော် ဖတ်မိသလောက်ပါပဲ။
ကျနော်တို့မှာ မကျနပ်တာတွေလည်း ရှိတာပေါ့။ ခံနေကြရတာတွေလည်း ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါတွေကို ဟာသပြန်လုပ်ပြီး သရော်လိုက်၊ ရယ်လိုက် လုပ်နေနိုင်ကြသေးရင်ဖြင့် အခြေအနေမဆိုးသေးပါဘူး။
ဓာနွန္တရီ