ဂျပန်နိုင်ငံအနောက်ပိုင်း၌ ဧပြီလ ၁၅ရက်နေ့က ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ မိန့်ခွန်းပြောမည့် ဧရိယာတွင်း မီးခိုးဗုံးဟု ယူဆရသည့်အရာ တစ်ခုကိုပေါက်ကွဲခဲ့ပြီး ဝန်ကြီးချုပ်တွင် ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကို ကြားခဲ့ရသော်လည်း တာဝန်ကျအရာရှိများက အချိန်မီ ထိန်းသိမ်းလိုက်နိုင်ခဲ့ပြီး မီးခိုးဗုံးပစ်ချခဲ့သည့် သံသယဖြစ်ဖွယ်အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ ဝန်ကြီးချုပ်ကိုလည်း ထိခိုက်မှုမရှိ ၊ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း NHK သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် ဂျပန်နိုင်ငံ ၊ အိုဆာကာမြို့ အနောက်တောင်ဘက် ၆၅ ကီလိုမီတာ (၄၀ မိုင်)ခန့် အကွာ ငါးဖမ်းဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ကီရှီဒါ သည် ဧပြီလ ၁၅ရက်နေ့တွင် အဆိုပါ အခင်းဖြစ်ပွားသည့် ဆိပ်ကမ်းသို့ အလည်အပတ်သွားရောက်ပြီးနောက် လူထုရှေ့မှောက်တွင် ၎င်း၏ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု စည်းရုံးရေး မိန့်ခွန်းကို စတင်ပြောကြားနေစဉ် ဤသို့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း NHK သတင်းဌာန မှ ပြောကြားခဲ့သည်။
ဂျပန်အောက်လွှတ်တော်အတွက် ဒေသအသီးသီးတွင် ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကြုံတွေ့ခဲ့ရသော်လည်း စနေနေ့ မွန်းလွဲပိုင်းတွင်ပြုလုပ်မည့် မဲဆွယ်စည်းရုံးရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ပါတီ၏ တွစ်တာအကောင့်မှတစ်ဆင့် ကီရှီဒါက အတည်ပြုခဲ့သည်။
အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ ရွေးကောက်ပွဲ မဟာဗျူဟာ ဥက္ကဋ္ဌ ဟီရိုရှီ မိုရီယမ က “ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သော ရွေးကောက်ပွဲ မဲဆွယ်မှု ကာလတွင်း ယခုလို ဖြစ်ပွားမှုက အင်မတန် ဝမ်းနည်းဖွယ် ကောင်းပါတယ်။ အခုလို အပြုအမူက ခွင့်မလွှတ်နိုင်သော ရက်စက်ကြမ်းကြုတ်မှု တစ်ခုဖြစ်ပါတယ်” ဟု NHK သတင်းဌာန သို့ ပြောကြားခဲ့သည်။
ခေတ်သစ်ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ဆုံးခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် ပြီးခဲ့သောဇူလိုင်လက ပါလီမန်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ် လက်လုပ်သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။
ထိုဖြစ်ရပ်သည် နိုင်ငံကို ထိတ်လန့်တုန်လှုပ်သွားစေကာ လူထုအကြား တွေ့ဆုံ ၊ လက်ဆွဲနှုတ်ဆက်မှု ၊ မိန့်ခွန်းပြောကြားမှု များကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသည့် နိုင်ငံရေးသမားများ၏ ဘေးကင်းလုံခြုံရေးကို ပြန်လည်သုံးသပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ .
NHK ၏ ဗီဒီယိုဖိုင်တွင် ရဲအရာရှိအများအပြားသည် အခင်းဖြစ်ပွားရာနေရာမှ မဖယ်ရှားမီ လူတစ်ဦးကို မြေပြင်ပေါ်တွင် ဖမ်းချုပ်ခဲ့နေမှု နှင့် ဒေသခံများ ပြေးလွှားနေမှု တို့ကို ပြသခဲ့သည်။
အသက် ၂၄ နှစ်အရွယ် အဆိုပါ သံသယဖြစ်ဖွယ် အမျိုးသားသည် ကာဝါနီရှီမြို့မှ ဖြစ်ပြီး ၎င်း၏ရှေ့နေ ရောက်ရှိလာချိန်အထိ စကားပြောရန် ငြင်းဆိုခဲ့ကြောင်း စုံစမ်းရေးမှူးများကို ကိုးကား၍ ကျိုဒိုသတင်းဌာနက ပြောကြားခဲ့သည်။
ဝါကာယမ စီရင်စု ၊ ရဲဌာနချုပ်မှ ကိုယ်စားလှယ်တစ်ဦးသည် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မေးခွန်းများကို မဖြေဆိုနိုင်ကြောင်း ရိုက်တာ သတင်းဌာန သို့ ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားမှုကို မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း မာဆာတို ကာဘူရာဂီ က သံသယရှိသူကို အခြားသော ဘေးက ပြည်သူတစ်ဦးမှ ဦးစွာ သတိပြုမိရာ မှ ဖမ်းဆီးနိုင်ခဲ့ခြင်းအပေါ် လုံခြုံရေး ပေါ့လျော့နေသေးကြောင်း ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည်။
“အာဘေး ကိစ္စ ဖြစ်ပျက်ပြီး မကြာခင်မှာ ဒီလိုမျိုး ကြုံလာလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့ဘူး” ဟု ၎င်း၏ ဇနီးသည် နှင့် မိခင် နှင့်အတူ ဆန္ဒဖော်ထုတ်ပွဲကို တက်ရောက်ခဲ့သည့် ကာဘူရာဂီ က ပြောကြားခဲ့သည်။ “ဒီလို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပွဲတွေကို မသွားချင်တော့ဘူး”
ဝန်ကြီးချုပ် ကီရှီဒါ သည် လာမည့် မေလတွင် ဟီရိုရှီးမား ၌ G7 ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်သည်။ ယခုဖြစ်စဉ်ကြောင့် အဆိုပါ ဒေသတွင်း အပန်းဖြေမြို့ ဖြစ်သည့် ကာရုအိဇာဝတွင် စတင်ကျင်းပမည့် G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် လုံခြုံရေးအစီအစဉ်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Reference ● Reuters ● CNA