မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
မတ်လ ၉ ရက်မှ ၁၅ ရက်အထိ
မြန်မာနိုင်ငံက လူတစ်သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှု WFP ရပ်ဆိုင်း

မြန်မာနိုင်ငံက လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့တွေကို လာမယ့်ဧပြီလကစပြီး ရပ်ဆိုင်းတော့မယ်လို့ ကုသလမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
WFP မှာ ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားနေတာကြောင့် အခုလို ရပ်ဆိုင်းရတာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာမှုတွေ မြင့်တက်လာပြီး ကူညီခွင့် ပိတ်ပင်မှုတွေကြောင့် စားနပ်ရိက္ခာ လိုအပ်ချက် ပိုမိုများပြားလာချိန်မှာ အခုလို ရပ်ဆိုင်းဖို့ဖြစ်လာတယ်လို့ ဖော်ပြပါတယ်။
ရန်ပုံငွေ မရရင် ထိခိုက်လွယ်မှုအမြင့်ဆုံးဖြစ်တဲ့ အသက် ၅နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက် မိခင်တွေနဲ့ မသန်စွမ်းတွေအပါအဝင် လူဦးရေသုံးသောင်းခွဲလောက်ကိုပဲ ထောက်ပံ့နိုင်တော့မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ မှာ အကူအညီတွေဆက်ပေးနိုင်ဖို့ဆိုရင် အမေရိကန်ဒေါ်လာသန်း ၆၀ လောက် အရေးတကြီးလိုအပ်တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာလိုအပ်ချက် မပြည့်မီတဲ့ လူဦးရေ ၁၅ ဒသမ ၂သန်းရှိပြီး အဲဒီထဲက ၂ဒသမ ၃သန်းကျော်ဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ထမင်းအနပ်ရေ လျှော့စားရတဲ့အပြင် အကြွေး နွံထဲမှာပါ ရုန်းကန်နေကြရတာပါ။ မြန်မာ့လူဦးရေ သန်း ၂၀နီးပါးဟာ အကူအညီလိုနေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
……………………………………..
စဉ့်ကူး လေကြောင်းတိုက်ခိုက်မှု လူ၃၀နီးပါးသေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက စျေးဆိုင်တန်းတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် အရပ်သားပြည်သူ ၂၇ ဦး သေဆုံးတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။
ယနေ့ မတ်လ ၁၄ ရက် မွန်းလွဲ ၃နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ကလေးငယ်ခြောက်ဦးအပါအဝင် ၂၇ဦး သေဆုံးပြီးတော့ ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ မတ်လ ၄ရက်ကလည်း လက်ပံလှကျေးရွာကို လေကြောင်းနဲ့တိုက်ခိုက်လို့ ပြည်သူနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။
စဉ့်ကူမြို့နယ်ကို မန္တလေး PDF က ၂၀၂၄ ဇူလိုင်လ ၁၇ရက်မှာ သိမ်းယူထိန်းချုပ်ထားတဲ့ ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီက ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မန္တလေးတိုင်းမှာ စစ်ကောင်စီလက်လွှတ်ထားရတဲ့ မတ္တရာမြို့နယ်မှာလည်း မတ်လ ၁၁ရက်က ဗုံးကြဲတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားငါးဦးသေဆုံးခဲ့ပါတယ်။ ပဲခူးတိုင်ထဲက ညောင်လေးပင်နဲ့ တောင်ငူခရိုင်တွေမှာ လည်း လေကြောင်းတိုက်ခိုက်ခံရလို့ Free Burma Rangers က ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မကွေးတိုင်း ပေါက်မြို့နယ်၊ မန္တလေးတိုင်း တောင်သာမြို့နယ်၊ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်တွေမှာလည်း အခုသီတင်းပတ်အတွင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေ၊ နေအိမ်တွေ ပျက်စီးပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။
……………………………………..
အာဏာသိမ်းကာလအတွင်း စစ်ကိုင်းမှာ အရပ်သားငါးထောင်ကျော်သေဆုံး

အာဏာသိမ်းကာ လေးနှစ်တာအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သားပြည်သူ ၅၃၀၀ ကျော် သေဆုံးတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က မတ်လ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအတွင်း အရပ်သား ငါးထောင်ကျော်သေဆုံးတဲ့အပြင် ၃၈၀၀ နီးပါးဟာလည်း ထိခိုက် ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ ကန့်ဘလူ၊ ယင်းမာပင်ခရိုင်တွေမှာ ထိခိုက်သေဆုံးမှု အများဆုံးလို့ ဆိုပါတယ်။ ထိခိုက်သေဆုံးမှုတွေရဲ့ ရာခိုင်နှုန်း ၇၀ကျော်ဟာ ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်တာကြောင့်လို့ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လထဲမှာတင် စစ်ကိုင်းတိုင်းမှာ အရပ်သား ၂၀ ကျော်သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
……………………………………..
ရွေးကောက်ပွဲ ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီမှာလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော

ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလနောက်ဆုံးပတ် ဒါမှမဟုတ် နောက်အကျဆုံး ဇန်နဝါရီလ ဒုတိယပတ်မှာ ကျင်းပမယ် လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်ဘာရုစ်နိုင်ငံခရီးစဉ်မှာ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက အားပေးထောက်ခံပြီး ရွေးကောက်ပွဲ အကဲဖြတ်ဖို့ ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ဖို့ ရှိတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ စစ်ခေါင်းဆောင်ရုရှားခရီးစဉ်အပြီး မတ်လ ၁၁ ရက်မှာ လာရောက်တဲ့ တရုတ် အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းကလည်း ရွေးကောက်ပွဲကို တရုတ်က ကူညီမယ်ဆိုပြီး ပြောဆိုတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို နည်းပညာအကူအညီ မပေးကြဖို့ နိုင်ငံတကာအစိုးရတွေကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်မှု မြင့်တက်နေတဲ့အပြင် အနိုင်ရပါတီကိုလည်း ဖယ်ချန်ပြီး ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်တာကြောင့် လက်မခံကြဖို့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ချုပ်ကလည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ကလည်း ကန့်ကွက်ထားကြပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အထဲမှာ တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို ဖယ်ချန်ပြီး မြို့နယ် ၁၆၁ ခုမှာပဲ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။
……………………………………..
KIA နဲ့ TNLA အငြင်းပွားမှု တွေ့ဆုံဆွေးနွေးဖို့ NUG တိုက်တွန်း

ကချင်တပ် KIA နဲ့ တအာင်းတပ် TNLA တို့ကြား နယ်မြေအငြင်းပွားမှုကို နှစ်ဖက်ခေါင်းဆောင်တွေ နိုင်ငံရေးနည်းနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းပါတယ်။
အဲဒီလိုဖြေရှင်းရာမှာ လိုအပ်ရင် ကူညီဖို့အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။ လတ်တလော အောက်ခြေပွတ်တိုက်မှုတွေကနေ လူမျိုးရေးအမုန်းတရားဆီ အပြန့်ကျယ်မသွားစေဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေ ထိန်းကျောင်းနိုင်မယ်လို့ ယုံကြည်တယ် လို့လည်း မတ်လ ၁၄ ရက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုရက်ပိုင်းအတွင်း နှစ်ဖက်အဖွဲ့အစည်းတွေကြား ဗဟိုအဆင့်ဆွေးနွေးမှုတွေ လုပ်ဆောင်မယ်လို့ ဖော်ပြကြတာ၊ ပြည်သူ လူထုရဲ့ သဘောဆန္ဒကိုရယူမယ်လို့ ဖော်ပြတာတွေဟာ အပြုသဘောဆောင်တဲ့အတွက် ကြိုဆိုတယ်လို့လည်း NUG က ဆိုပါတယ်။
ကွတ်ခိုင်မြို့မှာ ရှိတဲ့ KIA ဆက်ဆံရေးရုံးကို မတ်လ ၇ရက်မှာ TNLA က ဝင်ရောက်စီးနင်းရာကနေ နှစ်ဖက်တပ်တွေကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာတာပါ။ KIA နဲ့ TNLA ကြားမှာ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဖက်ကာ၊ မုံးကိုး စတဲ့နေရာတွေမှာလည်း နယ်မြေအငြင်းပွားမှုတွေ ရှိနေပါတယ်။
KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကတော့ ရှမ်းမြောက်မှာ လူထုနဲ့ အစည်းအဝေးလုပ်ပြီး လူထုသဘောထားရယူ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ တအာင်းတပ် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကတော့ ပြဿနာ မကြီးလာအောင် နှစ်ဖက်ဆက်သွယ်မှု တွေရှိနေပြီး ဗဟိုအဆင့်တွေ့ဆုံဖို့ ကြိုးပမ်းနေတယ်လို့ ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။
……………………………………..
ထိုင်းနယ်စပ်က စစ်ကောင်စီစခန်းကို KNU သိမ်းယူ

ထိုင်း-မြန်မာနယ်စပ်က ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ ပူးလူးတူ စခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU က မတ်လ ၁၄ ရက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ၁၁ ဦးဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက် သွားတယ်လို့ ဆိုပါတယ်။ ကရင်တပ် KNLA ဘက်ကတော့ သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။
လှိုင်းဘွဲ့မြို့နယ်ထဲမှာရှိတဲ့ ပူးလူးတူစခန်းကို ဖေဖော်ဝါရီလ ၂၅ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက် ၂၀ နီးပါး ကြာမြင့်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်း အကြိမ်ကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ကာလအတွင်း ထိုင်းဘက်က တိုက်လေယာဉ်တွေ နယ်စပ်တစ်လျှောက် ပျံဝဲကင်းလှည့်ခဲ့ပါသေးတယ်။
……………………………………..