ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာသားတစ်ဦး နေအိမ်အနီးတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်တောက်ကြောင်း ဒေသခံအချို့က ပြောသည်။
ယနေ့ မတ်လ ၁၅ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုပြုံးဆန်းအောင် (ခေါ်) ကိုပြုံးပြုံးသည် နေအိမ်ခြံဝင်း အတွင်းရှိ ဒူးရင်းပင်အောက် ဒူးရင်းသီးသွားကောက်စဉ် မိုင်းနင်းမိကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“သူ့အိမ်ခြံဝန်းထဲမှာပဲဖြစ်တာ။ ဒူးရင်းသီးမှည့်နေတယ်ဆိုတော့ ဒူးရင်းသီးသွားကောက်တယ်တဲ့။ အဲ့ဒီမှာ မိုင်းနင်းမိတာ။ ခြေကျင်းဝတ်အောက်ပိုင်း ပြတ်ထွက်သွားတယ်။ အခုထားဝယ်ဆေးရုံကြီးကို ပို့ထားတယ်လို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။
ဆင်ထိုးကြီးရွာတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နှစ်ကုန်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းနောက် ဆင်ထိုးကြီးရွာထဲတွင် KNLA နှင့် PDF ပူးပေါင်းတပ်များ တပ်စွဲနေထိုင်ခဲ့သည်။
KNLA တပ်က စစ်ဘေးရှောင်များကို ရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်မပြုသဖြင့် စစ်ဘေးရှောင်များသည် နေရပ်မပြန်နိုင်ဘဲ လချီကြာစစ်ဘေးရှောင်ခဲ့ကြရသည်။
ရွာထဲဝင်လာသည့် ဒေသခံများကို ရွာထဲမလာရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်များက တားမြစ်ထားပြီး မြေမြှုပ်မိုင်းများရှိသဖြင့် အန္တရာယ်ရှိသည်ဟု သတိပေးပြောဆိုခဲ့ကြောင်း ဒေသခံများက Dawei Watch သို့ ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ပြောဆိုထားသည်။
KNLA တာဝန်ရှိသူများအနေဖြင့် မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးရန်၊ စစ်ရှောင်များကို ရွာထဲ ပြန်နေခွင့်ပြုရန် ဒေသခံများက ဇန်နဝါရီလဆန်းက တောင်းဆိုထားကြသည်။
မတ်လ ၃ ရက်တွင်မူ KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးက စစ်ဘေးရှောင်များကို ရွာထဲဝင် ပြန်လည်ဝင်ရောက်နေခွင့်ပြုသဖြင့် ကိုပြုံးဆန်းအောင် အပါအဝင် စစ်ဘေးရှောင်အချို့ ရွာထဲပြန်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ကိုပြုံးဆန်းအောင် မိုင်းနင်းမိသဖြင့် နောက်ထပ် နေရပ်ပြန်နေမည့် စစ်ဘေးရှောင်များ ရွာထဲ မဝင်ရဲ ဖြစ်နေကြောင်း အထက်ပါ ဒေသခံအမျိုးသမီးက ပြောဆိုသည်။
ယခုနင်းမိသည့် မြေမြှုပ်မိုင်းမှာ မည်သည့်အဖွဲ့က ထောင်ထားသည်ကို မသိသော်လည်း ဆင်ထိုးကြီးရွာထဲတွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့သာ လနှင့်ချီကြာတပ်စွဲခဲ့သဖြင့် KNLA တွင်သာ တာဝန်ရှိကြောင်း ဆင်ထိုးကြီးရွာခံတစ်ဦးက ပြောသည်။
အထက်ပါ ပြောဆိုချက်နှင့်ပတ်သက်ပြီး KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးကို Dawei Watch က ဆက်သွယ်ထားဆဲဖြစ်သည်။
အမှတ် ၁၂ တန်းမြင့်တပ်မတော်လေ့ကျင်ရေး စစ်သင်တန်းကျောင်းရှိသည့် ပလောက်မြို့ကို ကာကွယ်သည့် အနေဖြင့် စစ်ကောင်စီတပ်က ဘုရင်တောင်ရွာတွင်တပ်စွဲထားပြီး ယင်းကျေးရွာအနီးရှိ ဆင်ထိုးကြီးရွာတွင် KNLA တပ်ရင်း ၁၂ က တပ်စွဲထားခြင်းဖြစ်သည်။