မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို အမေရိကန်ဗီဇာ ထုတ်ပေးမှု ကြီးကြီးမားမား ကန့်သတ်သွားဖွယ်ရှိကြောင်း ယင်းကိစ္စနှင့် ပတ်သက်၍ သိရှိသူ သတင်းအရင်းအမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော််ပြထားသည်။
ထရမ့်အစိုးရက ဗီဇာကန့်သတ်သွားမည့် အဆိုပါ နိုင်ငံပေါင်း ၄၁ နိုင်ငံကို အုပ်စု ၃ စု ခွဲပြီး ဖော်ပြထားကြောင်း သိရသည်။
ပထမအုပ်စုတွင် အာဖဂန်နစ္စတန် ၊ အီရန် ၊ ဆီးရီးယား ၊ ကျူးဘားနှင့် မြောက်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်သည်။ ပထမအုပ်စုဝင်နိုင်ငံများကို အမေရိကန်ဗီဇာ ထုတ်ပေးမှု လုံးဝရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအုပ်စုတွင် အဲရစ်ထရီးယား ၊ ဟေတီ ၊ လာအို ၊ မြန်မာနှင့် တောင်ဆူဒန် နိုင်ငံတို့ ပါဝင်ပြီး ယင်းနိုင်ငံများသည် အမေရိကန်ဗီဇာကန့်သတ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ယင်းကြောင့် မြန်မာနိုင်ငံသားများမှာ အမေရိကသို့ ခရီးသွားဗီဇာနှင့် ကျောင်းသားဗီဇာ လျှောက်ထားမှုများ ကန့်သတ်ခံရဖွယ်ရှိနေသည်။
သို့သော် ဒုတိယအုပ်စုဝင်နိုင်ငံများအတွက် ဗီဇာကန့်သတ်ရာတွင် ခြွင်းချက်အချို့ ရှိနေသည်ဟုသိရသည်။
တတိယအုပ်စုဝင်နိုင်ငံများတွင် ဘယ်လာရုစ် ၊ ပါကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်တို့ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံပါဝင်သည်။ ယင်းနိုင်ငံအစိုးရများက ရက် ၆၀ အတွင်း ဗီဇာဆိုင်ရာ ပြဿနာများကို မဖြေရှင်းပေးလျှင် အမေရိကန်ဗီဇာထုတ်ပေးမှုကို တစ်စိတ်တသ်ပိုင်း ကန့်သတ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကနဦး ပေါက်ကြားလာသည့် အဆိုပါ နိုင်ငံများစာရင်းမှာ အပြောင်းအလဲရှိနိုင်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ အဆိုပါ နိုင်ငံများစာရင်းကို နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုအပါအဝင် အစိုးရဘက်မှ အတည်ပြုပေးရန် ကျန်ရှိနေဆဲ ဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
Source: Reuters