BREAKING
March 15, 2025

ဘန်ကောက်တွင် ဆောက်လက်စ ဖလန်စောင်အဝေးပြေးလမ်း ပြိုကျ၊ မြန်မာအပါအဝင် ၅ ဦးသေဆုံး

March 15, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လက်စ ဖလန်စောင်အဝေးပြေးလမ်းမကြီး ယနေနံနက်ပိုင်းတွင် ပြိုကျမှုဖြစ်သဖြင့် မြန်မာအပါအဝင် ဆောက်လုပ်ရေးအလုပ်သမား ၅ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ နံနက် ၂ နာရီအချိန်ခန့် လုပ်ငန်းခွင်ထဲ အလုပ်သမားအနည်းဆုံး ၃၆ ဦးခန့် ကွန်ကရစ်လောင်းနေသည့် အချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

ပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၃ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမြန်မာနှစ်ဦးမှာ ကိုဇင်ကိုအောင်နှင့် ကိုနိုင်လင်းအောင်များဖြစ်ကြောင်း သိရသည်။

ပြိုကျမှုကြောင့် အလုပ်သမား ၂၉ ဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပြီး အပျက်အစီးများအောက် ၂ ဦးပျောက်ဆုံးနေဆဲဖြစ်၍ ရှာဖွေနေကြာင်း သတင်းများအရ သိရသည်။

လက်ရှိတွင် အပျက်အစီးများအောက်က သေဆုံးသူများ၏ အလောင်းအားလုံးကို ပြန်သယ်ထုတ်နိုင်ပြီဖြစ်ကြောင်း၊ အဝေးပြေးလမ်း ပြိုကျရသည့် အကြောင်းရင်းကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာလကလည်း ဖလန်စောင် ဆောက်လက်စ မိုးပျံအဝေးပြေးလမ်းမကြီးလုပ်ငန်းခွင် ပြိုကျမှုကြောင့် မြန်မာအလုပ်သမား ၄ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး သေဆုံးခဲ့သေးသည်။

Ref: Khaosod, The Thaiger, Bangkok Post, Matichon Online