စာရင်းကရှည်၏။ ကြည့်၍ မဆုံးနိုင်အောင်ပင်ဖြစ်သည်။ နာမည်အချို့မှာ ရင်းနှီးနေသော်လည်း အချို့မှာ ခပ်စိမ်းစိမ်း။ ကိုယ်ကျင်လည်ခဲ့ဖူးရာ ရပ်ဝန်းက စာရင်းကို ရွေးကြည့်လိုက်မိသည်။ ကိုယ့်ဒေသကလေး ခပ်ငယ်ငယ်မှာပင် ပျောက်ဆုံးနေသူပေါင်း မနည်း။ လူစုံ၊ အသက်အရွယ်အစုံ။ အလုပ်အကိုင်နယ်ပယ်အစုံ။ ကိုယ့်အသိထဲ ဘယ်သူတွေပါသလဲ။
စိုးထိတ်စိတ်ကလေးဖြင့် နာမည်တွေကို ရှာကြည့်မိသည်။ မထင်မှတ်ထားသော နာမည်များ။ မထင်မှတ်ထားသော သူများ။ ရုတ်တရက် သဘာဝ မကျစရာ မေးခွန်းတွေ ထွက်လို့လာသည်။
နာမည်တလုံးကို ဖတ်လိုက်။ ထိုသူ့အကြောင်းစဉ်းစားမိလိုက်။ နောက်နာမည်တခုကိုဖတ်လိုက်။ နောက်တယောက်အကြောင်းခေါင်းထဲဝင်လာလိုက်နှင့်။ တွေး၍ မဆုံးသော အမေးများထွက်လာသည်။ လူပျောက် စာရင်းထဲ အုပ်စုနှစ်ခုထွက်လာသည်။ သေဆုံး၊ ဖမ်းဆီးခံရ၊ အိမ်မှတိတ်တဆိတ်ထွက်သွား၊ ပြန်မလာ အစရှိသည့် အကြောင်းရင်းစုံဖြင့် ပျောက်ဆုံးနေသူများ။ နောက်ထပ်အုပ်စုကတော့ ခပ်ဆန်းဆန်းဖြစ်သည်။ သူတို့သည် မပျောက်။
အသက်လည်းမသေသေး။ ရှင်နေဆဲ။ သူတို့၏ မိသားစုဝင်နှင့် ရပ်ရွာက နီးစပ်သူများပင် သူတို့ ဘယ်မှာရှိသည်။ ဘာလုပ်နေသည်ကို သိနေကြသည်။ သူတို့၏ လူမှုကွန်ရက်မှာလည်း ပုံမှန်ပင် အသက်ဝင်လို့။ စာရင်းတွင် နာမည်လာပေါက်နေသူ အတော်များများ ဆိုလျှင် သူတို့ဘာသာ အိမ်မှာ နေထိုင်နေကြဆဲ။
ဘာ့ကြောင့် သည်လိုလူတွေ လူပျောက်သည့်အထဲ စာရင်းလာပေါက်နေရသလဲ။ စာရင်းပေးပဲမှာလေသလား။ နာမည်တူများဖြစ်သလား။ တချို့ဆိုလျှင် တအိမ်သားလုံးလိုလို နာမည်တွေပါနေသည်။ တကယ်စုံစမ်းကြည့်တော့ ထိုသူတွေသည် သူတို့ အိမ်မှာ ရပ်ရွာမှာ ရှိနေသည်။ တခုခုတော့ အကြီးအကျယ် လွဲမှားနေခဲ့ပြီဖြစ်သည်။
စာရင်းတွေဆိုသည်က မှားတတ်သည်။ အထူးသဖြင့် ယခုကာလလို မတည်ငြိမ်ချိန်၊ စစ်ကပ်ဆိုက်နေချိန်၊ ပဋိပက္ခထကြွနေချိန် ကိန်းဂဏန်းတွေမငြိမ်။ သည်နှစ်ပိုင်းတွေမှာ အတော်လေးတိုးလာနေသည့် နံပါတ်များ ဖြစ်သည်။ ထိုကိန်းဂဏန်းတွေကို အတည်ပြုဖို့၊ မှန်ကန်ကြောင်းသက်သေပြဖို့ကလည်း ခက်နေသည်။ လူတယောက်၊ လူသားတယောက် သူနေထိုင်ရာ၊ သူချစ်ရာ၊ သူ၏ သံယောဇဉ်ကြိုးများရှိရာမှ ပျောက်ဆုံး သွားရ သည်မှာ အကြောင်းမဲ့တော့မဟုတ်။ မတော်တဆလား၊ အသေအချာ ကြံစည်ထားသည်လား၊ တပါးသူ၏ ပယောဂကြောင့်လား။ အကြောင်းအမျိုးမျိုး စုံလှ၏။ ဘာကြောင့် ထိုသူများပျောက်သွားရသနည်း။ တကယ်ရော ပျောက်သွားတာဟုတ်ရဲ့လား။ လူပျောက်စာရင်းလာပေါက်တိုင်း တကယ်ပျောက်နေသူကောဖြစ်ပါ့မလား။ ခပ်နက်နက်တွေးဆစရာဖြစ်သည်။
အရပ်ထဲတွင်ရှိနေသေးသည်ဟု သိထားရသော ကိုကြည် ၏ နာမည် လူပျောက်စာရင်းတွင်ဝင်နေသည်ကို စုံစမ်း ရန် နှင့် အတည်ပြုရန် ကိုကြည်၏ အိမ်ကလေးသို့ ထွက်လာခဲ့သည်။ ကိုကြည်နှင့်သာမက စာရင်းပေါက်နေသူ အတော်များများကိုလည်း တွေ့ရန် စိတ်ကူးထားခဲ့သည်။ ခင်မင်ရသော ကိုကြည် တကယ် ပျောက်နေသူ မဖြစ်ဖို့လည်း ဆုတောင်းထားရသည်။ နှစ်လကြာရှည် ခင်မင်ခဲ့ရသူတွေမဟုတ်လား။ ပြီးတော့ ဒီနှစ်တွေထဲ မတွေ့ဖြစ် မဆုံဖြစ် မပြောဖြစ်ခဲ့တာကြာပေါ့။
ကိုကြည်တို့ အိမ်ဝင်းလေးသို့လှမ်းဝင်လိုက်သောအခါ အန်တီအေးက အံ့ဩဟန်ဖြင့် လှမ်းကြည့်နေသည်။ အန်တီအေးလည်း အတော်အိုစာလာသည်။ ဇရာထောင်းလာခဲ့ပြီ။ ကိုကြည့်ကို တွေ့လိုကြောင်းပြောတော့ အန်တီက ခဏ စဉ်းစားနေပြီးမှ ကိုကြည့် သူ့အခန်းလေးထဲမှာ ရှိကြောင်းပြော၍ လိုက်ပို့ပေးသည်။
အခန်းတံခါးပွင့်လာသောအခါ ကိုကြည့်ကို မြင်လိုက်ရသည်။ သူရောကိုယ်ပါ အံ့ဩ မင်သက်မိကြသည်။ ကိုကြည် မပျောက်ကြောင်း အတည်ပြုနိုင်ပြီ။ ကိုကြည်နှင့်အတူ စကားတွေ ပြောဖြစ်ခဲ့ကြသည်။ ထိုနေ့က ကိုကြည်နှင့်ကော အခြားသူအတော်များများကို လိုက်တွေ့ဖြစ်ပြီး တွေ့ခွင့် စကားပြောခွင့်တွေ ရခဲ့သည်။
အချိန်ကာလတခုယူပြီးသောအခါ လူပျောက်စာရင်းထဲက လူအတော်များများနှင့် ပြန်ဆုံဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ သိကျွမ်းခင်မင်လာခဲ့ရသူအများစုပင်။ သို့သော် သည်နှစ်ပိုင်းတွေထဲ အဆက်သွယ် ပြတ်သွားခဲ့ သူတွေပင်။ ယခုပြန်ဆုံခဲ့ရပြီ။ အခြေအနေအချို့ကို သိခွင့်ရခဲ့ပြီ။ တချို့မှာလည်း ပျောက်သွားခဲ့ပြီဟု လက်ခံ လိုက်ရသည်။
ပြန်ဆုံခဲ့ရသော ကိုကြည်သည် အရင်က သိခဲ့ဖူးသော ကိုကြည်လိုမဟုတ်တော့။ အမြဲတမ်းပြုံးနေတတ်သည့် ကိုကြည့်၏ ဟန်မှာ ပျောက်သွားခဲ့ပြီ။ သူ့မျက်ဝန်းတွေက အရင်ကလို မလက်နေတော့။ ကြေကွဲနေဟန် မျက်လုံးများ။ စကားပြောရင်း မျက်ရည်များဝဲနေခဲ့သည်ကိုကြည်။ တခုခုကို နာကြည်းမုန်းတီးနေသည့် ကိုကြည်။ သူ့ဆီမှာ ယခင်ကလို အကြည်ဓာတ်ကလေးတွေ၊ အပျော်တွေ၊ အပြုံးတွေမရှိတော့ပြီ။
သူချစ်သော အလုပ်မှ နားခဲ့ပြီး အာဏာသိမ်းဆန့်ကျင်ရေးထဲဝင်ပါခဲ့သည်။ ယခုတော့ ပုန်းလျှိုးကွယ်လျှိုးနှင့် အိမ်တွင် နေရသည်။ သည်နှစ်တွေထဲသူ အဖမ်းခံခဲ့ရသည်။ အနှိပ်အစက်ကြုံခဲ့ရသည်။ လွတ်လာတော့လည်း အိမ်တွင်းပုန်းဖြစ်လို့။ ယခင်က ဆရာလေးကိုကြည် ပျောက်ဆုံးသွားခဲ့ပြီ။ စိတ်ဒဏ်ရာဗလပွနှင့် မျှော်လင့်ချက်ကင်းမဲ့နေသော ကိုကြည်သာ ရှိတော့သည်။ ကိုကြည့်လို ပါပဲ။ ပျောက်ဆုံးသွားကြသူတွေအများသား။
သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ၊ စစ်ကြောင်းဟေ့ ဆိုတဲ့ သတိပေးအသံတွေကြောင့် အပြုံးပန်းမဝေနိုင်တော့တဲ့ သူတွေ၊ စစ်မှုထမ်းခေါ်သတဲ့၊ ပေါ်တာဆွဲသတဲ့၊ စစ်တပ်ထဲသွင်းဖို့ ဖမ်းနေသတဲ့ ဆိုတာတွေကြောင့် ရှောင်ရင်းတိမ်းရင်း ဒုက္ခသုက္ခ အစုံကြုံနေကြရသူတွေမှာ သူတို့ အိပ်မက်၊ အနာဂတ် ဆန္ဒတွေ ကြိုးပဲ့သွားခဲ့ရပေါ့။ ရပ်ထဲရွာထဲမှာ ဘယ်သူ့မှ ဒုက္ခမပေး အေးအေးလူလူနေတတ်သူ ဖိုးလူအေး တောင်မှ အဖမ်းအဆီးအနှိပ်အစက်ခံရပြီး သွက်သွက်ခါသွားသတဲ့။
ကျောင်းမပြီးသေးတဲ့ သားသမီးတွေကို အဓမ္မစစ်မှုထမ်းရမယ့် ဘေးလွတ်ရာ ပို့လွှတ်လိုက်ရတဲ့ မိဘတွေခမြာမှာလည်း သားသမီးလေးကို တိုင်းတပါးမှာ ခိုးဝင်ဘဝ၊ ကူလီဘဝ၊ ကြုံရာကျပန်းအလုပ်သမားဘဝ အဖြစ်တွန်းပို့လိုက်ရလေခြင်းရယ်လို့လည်း စိတ်ထဲမကောင်းရှာကြ။ ဘယ်နေ့များ ပုလိပ်က ဖမ်းပြီး မြန်မာပြည်ဖက်ကို ပြန်ပို့လိုက်လို့ စစ်မှုထမ်းထဲ ပါသွားလေမလားလို့လည်း ကြောင့်ကြစိတ်တပုံတပင်။
လက်နက်ကိုင်တော်လှန်ရေးရဲဘော်တွေရဲ့ မိခင်တွေ ဖခင်တွေခမြာမှာလည်း သားသမီးအပူ၊ သောက အပူ နဲ့ ယခင်ကလို၊ ဪ… ဟိုးအရင်ကလိုမျိုး အပြုံးပန်းတွေ မရှိတော့တာ နှစ်ကြာလာသပေါ့။
ဒီကာလကြီးမှာ လူတိုင်းဟာ အပူတွေကိုယ်စီထမ်းပိုးလို့ အရင်ကလို လူတွေ၊ အရင်ကလို ဆက်ဆံရေးမျိုးတွေ ကြဲတဲတဲ။ ဒီကာလကြီးမှာ တယောက်နဲ့တယောက်ဆုံကြပြန်တော့လဲ ဝမ်းနည်းခြင်း၊ သိမ်ငယ်ရခြင်း၊ မယုံကြည်စိတ် ဖြစ်ရခြင်း၊ ဒေါသထွက်ရခြင်း၊ စတဲ့ မျိုးစုံသော စိတ်ခံစားမှုအနက်ရောင်တွေနဲ့ ဖုံးလွှမ်းလို့။ စိတ်မလုံခြုံမှုတွေ ပြည့်ကျပ်ကြလို့။ ပေါက်ကွဲလွဲ၊ ထိလွယ်၊ရှလွယ် နဲ့ စိတ်ရယ် မရှည်နိုင် မငြိမ်းနိုင်တော့သော အခါမျိုးတွေရယ်။
အပြစ်မကင်းလိုစိတ်ခံစားမှုတွေနဲ့ အိမ်နဲ့အဝေးမှာ နေရသူတွေ၊ အိမ်မရှိတော့တဲ့သူတွေ၊ ပြန်စရာ ရွာကလေး မရှိတော့တဲ့သူတွေ၊ အနက်ရှိုင်းဆုံး စိတ်ဒဏ်ရာ ဗလပွနဲ့သူတွေပေါ့။ ဒီကာလမှာ အရင်းနှီးခဲ့ဆုံး သူစိမ်းတွေပေါလာသတဲ့။ ရန် – ငါ စည်းကြီးတားလိုက်ပြီ။
တံတိုင်းကြီးခြားလိုက်ပြီ။ အရင်က ခင်မင်ခဲ့ဖူးတဲ့ သူတွေ၊ သိခဲ့ဖူးတွေသူတွေဟာ အခုတော့လည်း စည်းကြီး၊ တံတိုင်းကြီးရဲ့ တဖက်တချက်စီမှာ တယောက်နဲ့တယောက်ကျောခိုင်းကြလို့ပေါ့။ လက်လွန်ခဲ့ကြပြီ။ ဘဝတွေ၊ အသက်တွေ ပေးလိုက်ကြရပြီ။ အိပ် နိုး ချမ်းသာ နေ့ရက်တွေ အရည်ပျော်ကုန်ပြီ။ ငွေစက္ကူဟာ သုံးဆလောက် တန်ဖိုးကျသွားခဲ့ပြီ။ လူ့ဘဝအရည်အသွေးဟာလည်း တားမရအောင် ဆင်းသွားခဲ့ပါပြီ။ ဒီကာလကြီးမှာ လူတွေအများကြီး ပျောက်ဆုံးသွားခဲ့ပါပြီ။
စစ်ပွဲတွေကြောင့် ကိုယ်ခန္ဓာကြွေပျက်ကာ ထာဝရပျောက်ဆုံးသွားခြင်းမျိုးလား။ ရှင်နေရက်သားနဲ့ ဘဝတွေ သေဆုံးလို့ ပျောက်ဆုံးသွားခြင်းမျိုးလား။ လူပျောက်စာရင်းကတော့ အကြောင်းအမျိုးမျိုးကြောင့် တိုးလာနေ လေရဲ့။ ပြီးတော့ ရွာမှာနေရင်းနဲ့ပဲ အရင်ကလို ငြိမ်းချမ်းမှုတွေ ပျောက်ကွယ်လာနေတဲ့ ရွာလေးကိုလည်း ပြန်လွမ်းနေကြရလေရဲ့။
ဟေမန်မိုး