BREAKING
March 15, 2025

သက်ငယ်မုဒိမ်းဖြင့် စွပ်စွဲခံရသူ တစ်ဦးကို သရက်ချောင်း ပအဖ ဖမ်းဆီးစစ်ဆေးနေ

March 15, 2025

အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုဖြင့် စွပ်စွဲခံရသူအမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) ထံမှသိရသည်။

သရက်ချောင်းမြို့နယ် ရငဲကျေးရွာရှိ အသက် ၁၁ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဦးနိုင်ဆိုသည့် အမျိုးသားတစ်ဦးက လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည်ဟု တိုင်ကြားထားသဖြင့် ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးနေခြင်းဟု ၎င်းတို့ကဆို‌သည်။

မိန်းကလေးငယ်မိသားစုနှင့် ဆွေမျိုးနီးစပ်တော်ပြီး နေအိမ်မကြာခဏဝင်ထွက်နေလေ့ရှိသည့် ဦးနိုင်ဆိုသူသည် မတ်လ ၆ ရက် ည ၉ နာရီကျော်အချိန်တွင် အပေါ့သွားရန် အိမ်အောက်သို့ ဆင်းလာသည့် မိန်းကလေးကို ပါးစပ်ပိတ်ပြီး လယ်ကွင်းထဲခေါ်သွားကြောင်း ယင်းဖြစ်စဉ်ကိုသိသည့် ဒေသခံတစ်ဦးက ပြောသည်။

မိန်းကလေးငယ်၏ မိခင်ဖြစ်သူက သံသယရှိသဖြင့် သမီးဖြစ်သူကို ချက်ချင်းလိုက်လံရှာဖွေရာ သမီးဖြစ်သူကို လယ်ကွင်းထဲ‌တွင်တွေ့ရှိခဲ့ကြောင်း ဆိုသည်။

“သူ့အမေက ချက်ချင်းသတိရပြီး က‌လေးနာမည်ကိုအော်ခေါ်ပြီးလိုက်ရှာတော့ ကလေးကို ဘောင်းဘီတွေဘာတွေ ဆွဲချွတ်နေပြီလို့ပြောတယ်။ အဲမှာကလေးက ကြောက်ပြီး အတင်းရုန်းတာနဲ့ လွတ်ပြီးပြေးလာပုံရတယ်” ဟု အထက်ပါဒေသခံကပြောကြားသည်။

အဆိုပါဦးနိုင်ဆိုသူအမျိုးသားသည် KNU ကစယ်ဒိုမြို့နယ် ထောက်ပို့တစ်ဦးဖြစ်ပြီး အဆိုပါမိန်းကလေးငယ်မိဘများနှင့်လည်း ဆွေမျိုးမကင်းသူတစ်ဦးဖြစ်သောကြောင့် နေအိမ်သို့ မကြာခဏအဝင်အထွက်ရှိသူ တစ်ဦးဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

မတ်လ ၇ ရက်တွင် မိန်းကလေးငယ်၏ မိဘတို့က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ တိုင်ကြားခဲ့ပြီး ယင်းမှတစ်ဆင့် သရက်ချောင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ အမှုကိုလွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ဦးနိုင်ဆိုသည့် အမျိုးသားကမူ လိင်ပိုင်းဆိုင်ရာကျူးလွန်သည်ဆိုသည့်အပေါ် ငြင်းဆိုထားသည်ဟုလည်း ကြားသိရကြောင်း ဒေသခံတို့ကပြောသည်။

လတ်တလောတွင် ယင်းအမှုကိစ္စအတွက် သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥပဒေရေးရာတာဝန်ခံ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တို့က ဆက်လက်ဆောင်ရွက်နေကြကြောင်း မိန်းကလေးနှင့် နီးစပ်သူတို့ထံမှ သိရသည်။

မတ်လ ၁၄ ရက်နေ့တွင် သရက်ချောင်းမြို့နယ် ပလဖ တာဝန်ခံထံသို့ ယင်းအမှုကိစ္စမေးမြန်းခဲ့ရာ စွပ်စွဲခံရသူအမျိုးသားကို ဖမ်းဆီးချုပ်နှောင်ထားပြီး မုဒိမ်းမှုပုဒ်မဖြင့် တရားစွဲနိုင်‌ရေး ကနဦးစီစဉ်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ကျူးလွန်တယ်လို့ စွပ်စွဲခံရသူကို အမှုဖွင့်ထားပါတယ်။ ယမန်ယူပြီးတော့လည်း ချုပ်ထားပါတယ်။ (မုဒိမ်းမှု ပုဒ်မ) ၃၇၆ နဲ့ ဖွင့်ဖို့ ကိုတော့ ကနဦးတော့လုပ်ထားပါတယ်။ နောက်ဥပဒေအကြံပေးတွေနဲ့မှ သေသေချာချာပြန်လုပ်ရမှာပါ။ အခုလောလောဆယ်ကတော့ တိုင်ထားတဲ့ တိုင်ချက်ကိုကြည့်ပြီးတော့ လုပ်ထားတာပါ” ဟု ပလဖ တာဝန်ခံကဆိုသည်။

ယင်းအပြင်တရားစွဲတင်နိုင်ရေးအတွက် လိုအပ်သည့် သက်သေအချက်အလက်များကို စုဆောင်းခြင်း၊ စွပ်စွဲခံရသူအားစစ်ဆေးခြင်း စသည်တို့ကိုလည်း လုပ်ဆောင်နေကြောင်း ရငဲဒေသခံတို့က ပြောသည်။