ပလောက်မြို့ပေါ်ကို အရေးပေါ်ဆေးရုံသွားပြသည့် မိသားစုဝင်သုံးဦး ပစ်ခတ်ခံရပြီး ရက်သားကလေးနှင့် ဖခင်သေဆုံးမှုတွင် တာဝန်ရှိသည့် တပ်စုမှူး မုတ်ဆိတ်(ဖိုးခွား)အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးကို အရေးယူမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးက ပြောသည်။
သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာမှ ပလောက်မြို့ပေါ်ဆေးရုံကို အရေးပေါ်ပြသရန် ဖေဖော်ဝါရီလ ၂၃ ရက်ည ၇ နာရီကျော်တွင် ဆိုင်ကယ်ဖြင့်လာသည့် (ကရင်တိုင်းရင်းသား) ရက်သားကလေးနှင့် မိဘတို့နှစ်ဦးကို ဆင်ထိုးကြီးရွာ KNLA စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“သူတို့က ပိတောက်ကြီးကနေ ပလောက်ကို အရေးပေါ်ဆေးရုံတက်ပြတယ်၊ ဂိတ်ရောက်တော့ ရပ်မပေးပဲ တခါတည်းမောင်းသွားတော့ ရပ်ရပ်ဆိုပြောတဲ့အချိန်မှာ ဆိုင်ကယ်က အရှိန်နည်းနည်းလွန်သွားတယ်ထင်တယ်။ အဲ့မှာဆိုင်ကယ်ဒေါက်ထောက်တာနဲ့ သူ့လင်ကို ထိုးပစ်တာ ပထမခြေထောက်မှာထိတယ်၊ နောက်တော့ ရင်ဘတ်ကိုပစ်တယ် အဲ့မှာသူ့လင်သေသွားတယ်၊ ကလေးက လက်ထဲက လွတ်ကျပြီးသေတာလို့ပြောတယ်” ဟု ဖြစ်စဉ်ကိုတစ်ဆင့်ပြန်ကြားရသည့် ဆင်ထိုးကြီးရွာက ဒေသခံတစ်ဦးက ပြောသည်။
ရက် ၂၀ ကျော်သာရသေးသည့် ကလေးငယ် နေမကောင်းသဖြင့် မောင်ဂန်တို့ ဇနီးမောင်နှံမှာ ကလေးငယ်ကို ဆေးရုံသွားပြစဉ် ဆေးရုံမရောက်ခင် ဆင်ထိုးကြီးရွာက KNLA စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်။
“ကလေးအမေက သူ့လင်ကိုပစ်တော့ သူကပြေးတယ်။ အဲ့မှာသူ့ကိုလိုက်ဖမ်းတာမှာ ကလေးကလက်ထဲကလွတ်ကျပြီး သေတာလို့ပြောတယ်။ ကလေးငိုသံကြားမှ KNLA တပ်ဖွဲ့ဝင်တွေက လွှတ်ပေးလိုက်တာလို့ပြောတယ်၊ ကလေးအသက်မရှုတော့လို့ ခြေနှစ်ချောင်းကနေ ဇောက်ထိုးကိုင်ပြီး ကျောကိုပုတ်ပေးကြသေးတယ်ပြောတယ်၊ အဲ့တည်းက ကလေးကမလှုပ်တော့ဘူး” ဟု ယင်းဖြစ်စဉ်ကို သိသည့် နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
အသက် ၃၈ နှစ်ခန့်ရှိ မောင်ဂန် ပစ်သတ်ခံရမှုကြောင့် နေရာမှာပင်သေဆုံးခဲ့ပြီး ရက်သားအရွယ် ကလေးငယ်မှာလည်း သေဆုံးခဲ့ခြင်းဖြစ်သည်။
အထက်ပါဖြစ်စဉ်တွင် KNU တပ်မဟာ ၄ KNLA တပ်ရင်း ၁၂ တပ်ခွဲ ၃ က တပ်စုမှူး မုတ်ဆိတ်အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးကို KNLA တပ်ရင်း ၁၂ ကိုပြန်ခေါ်ထားသည်ဟု KNLA တပ်ရင်း ၁၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါးဒါးက မတ်လ ၅ ရက်တွင် ဖြေဆိုထားသည်။
“တပ်ရင်းမှာပြန်ခေါ်ပြီးတော့ တပ်မဟာကိုပို့ပြီး အရေးယူဆောင်ရွက်မယ်၊ သူကလူသတ်မှု ပြီးတော့ ကလေးလည်းသေတယ်လေ၊ တပ်ရင်းရောက်ရင် အားလုံးရာထူးတွေ တာဝန်တွေမရှိတော့ပါဘူး၊ တပ်မဟာရောက်ရင်တော့သူလုပ်ထားတဲ့ ပြစ်မှုတွေကို အရေးယူမှာပါ” ဟု ဒုတိယဗိုလ်မှူးကြီး စောဒါးဒါးက ပြောသည်။
ယင်းသို့ တရားမဲ့ပစ်ခတ်မှုမှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင် ပစ်ခတ်ခံရမှုနှင့်ဆင်တူသည့် လုပ်ရပ်မျိုးဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့သူများကို တရားမျှတမှုရှိစွာ ထိထိရောက်ရောက် အရေးယူစေချင်သည်ဟု တော်လှန်ရေးတွင် ပါဝင်နေသူများကဆိုသည်။