Princes in The Darkness 1990s
အခန်း(၂၃)
ညီညီ၏ အိမ်သို့ရောက်သည် ကားက ခြံထဲသို့မဝင်။
ဗေဒါက လောရှည်ဆီ သို့ ဖုန်းဆက်လိုက်သည်။
လောရှည်မရောက်လာမီအတွင်း ညီညီက အိမ်ထဲသို့ဝင်သွားကာ သူ့လက်ကျန်ပစ္စည်းဆိုသည့်အထုပ်ကို ကိုနေ့အား ပေးလိုက်သည်ကိုတွေ့ရသည်။
“ကဲ..ကိုဗေဒါ..ကျေးဇူးဗျာ..ကျွန်တော်ပြန်တော့မယ်”
“ဟ…ခင်ဗျားက မသုံးဘူးလား”
“နိုး..ကျွန်တော်က ကိုညီဆီလိုက်လာတာ…သုံးဖို့မဟုတ်ဘူး….ပစ္စည်းယူဖို့”
ခုန ညီညီမောင်းလာသည့်ကားမှာ ကိုနေ့ကားဖြစ်ကြောင်း ထိုအခါမှ ဗေဒါ သိရသည်။
ကိုနေက သူတို့အား နှုတ်ဆက်ကာထွက်သွား၏။
“သူက ငါတို့လို လိုင်းမဟုတ်ဘူးကွ..ဒါက သူအခုငြိနေတဲ့ကောင်မလေးရဲ့ ဖားသားကြီးက ဘစ ကြီး…အဘိုးကြီးကိုဖားဖို့…ငါ့ဆီက ပစ္စည်းလာယူတာ”
“ဪ..မသိပါဘူး..ညီညီရာ…ငါက ဒီဘဲလည်း ဒုတ်လိုင်းမှတ်တာ”
“ကဲ..ငါ့တို့လိုင်း အစစ်ဘဲတွေက အိမ်ထဲမှာ စောင့်နေတာ”
ညီညီက ဗေဒါအား အိမ်ထဲသို့ ခေါ်သွားသည်။
အိမ်ဧည့်ခန်းတွင် အသင့်စောင့်နေသော လူနှစ်ယောက်။
“ကိုညီ..ဟိုဘဲကို ပစ္စည်းအကုန်ပေးလိုက်တာလား”
ဗေဒါတို့ထက် ငယ်ဟန်ရှိသော တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။
“အေး…တောက်လျှောက်ဂျီနေတာနဲ့ အကုန်ပေးလိုက်တာ..ဒီမှာ ငါ့ဘော်ဒါဆီက ပစ္စည်းအသစ်လာမှာ အဲ့ဒီတော့မှ မင်းတို့စမ်းကြည့်ကြ”
ခဏအကြာတွင် လောရှည်ထံမှ လွှတ်လိုက်သောလူက အိမ်ရှေ့သို့ ရောက်လာသည်။ ဗေဒါက ပစ္စည်းကို ထွက်ယူပြီး…ညီညီတို့ လက်အပ်လိုက်၏။
ညီညီတို့ သုံးဉီးသား ပစ္စည်းကို အငမ်းမရသုံးစွဲကြသည်။
အရည်အသွေးကောင်းလွန်းကြောင်းလည်း ချီးမွမ်းကြ၏။
ညီညီမှာလည်း သူ့လိုအင်ဆန္ဒပြည့်သွားပြီမို့ ခေတ္တမျှ လန်းဆန်းနေသည်။
“ဟေ့..ဗေဒါ..သူ့ကို မင်းသိတယ်မဟုတ်လား”
ဗဒေါ မသိ။
ညီညီက နာမည်တစ်ခုကို ပြောလိုက်၏။
လက်ရှိ မကြာသေးခင်ကမှ အနားယူသွားသော နအဖအစိုးရ၏ အတွင်းရေးမှူး(၃) ၏ နာမည်။
ညီညီကို ဗေဒါ အထင်မသေးရဲတော့။ သူပေါင်းသင်းနေသည်များက ခုနကလည်း ယခင် နဝတအစိုးရ၏ အဆင့်(၃) ရှိသူ၏ သား။ ယခုလည်း မကြာသေးမီကမှ အနားယူသွားသည့် အတွင်းရေးမှူး(၃)၏ သား။
“ဒါကတော့..တေးရေးဆရာ (…..)”
ထိုသူများက ဗေဒါကို ဝမ်းသာအားရနှုတ်ဆက်ကြပြောဆိုကြသည်။
ဗေဒါက ဘိန်းဖြူမသုံးပဲ..အရက်သောက်ချင်ကြောင်းပြောသဖြင့် ညီညီက သူထံတွင်ရှိသည့် ဝီစကီအကောင်းစားဖြင့် ဧည့်ခံ၏။
ညီညီအိမ်တွင် စတူဒီယိုအသေးစားလေးလည်းရှိသဖြင့် သူတို့ တီးဆိုကြသည်။
ထိုအချိန်တွင် ဗေဒါထံသို့ ဖုန်းဝင်လာ၏။
ဂျာနူး။
“အကို…ဒီည အဲ့ဒီကို ဂျာနူးလာခဲ့မယ်…အကိုနဲ့အတူ ညစာထွက်စားကြမယ်လေ..ပြီးတော့ အကို့ကို အရေးကြီးတဲ့ကိစ္စလည်း ပြောစရာရှိတယ်”
“ကျွန်တော် ဂျာနူးတို့ လမ်းထဲက သူငယ်ချင်းတစ်ယောက်ခြံမှာရှိနေမယ်..ခြံနံပါတ်(..) အဲ့ဒီကိုပဲလာခဲ့လေ..စောင့်နေမယ်”
တစ်နာရီခန့်အကြာတွင် ဂျာနူးရောက်လာသည်။
ဂျာနူးအား အိမ်ထဲသို့ ခေါ်ပြီး ညီညီတို့နှင့် မိတ်ဆက်ပေး၏။
ဂျာနူးက သူ့ကုမ္ပဏီနာမည်နှင့် ရာထူးအား မိတ်ဆက်ပေးလိုက်သည့်အခါ ဗိုလ်ချုပ်ကြီးသား မှာ အတော်ပင် အံဩသင့်နေသည်။
ဗေဒါအားလည်း နံပါတ်ဖိုးပစ်သည့် ဟန်းကြီးသမားဟုထင်ထားရာမှ အမြင်ပြောင်းသွားပုံရ၏။
နောင် လုပ်ငန်းကိစ္စများ ရှိလာလျှင် ဆွေးနွေးတိုင်ပင်ရန်ဟုဆိုကာ ဖုန်းနံပါတ်ပင် လဲလှယ်ယူသွားတော့သည်။
ညီညီတို့အား နှုတ်ဆက်ပြီးနောက် ဗေဒါနှင့်ဂျာနူးတို့ ဆရာစံလမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ညစားစားကြ၏။
“ကျွန်တော့်..ကို ပြောစရာရှိတယ်ဆိုတာ..ဘာလဲ..ဂျာနူး”
“အင်း..နှစ်ခုရှိတယ်”
“ပြောကြည့်”
“တစ်ခုက မကြာခင်ရက်ပိုင်းမှာ မစ္စတာလုတို့ သားအဖတွေအားလုံး..မြန်မာပြည်ပြန်လာကြမယ်…မာလိပါး မှာ ရှိတဲ့အိမ်တော်မှာ အထူးအစည်းအဝေးတစ်ခုလုပ်ဖို့ရှိတယ်..အဲ့ဒီအစည်းအဝေးကို အကို တက်ရမယ်”
“ဂျာနူးရောလား”
“အင်းပေါ့”
“နောက်တစ်ခုကရော”
“ဒီညစာစားပွဲပြီးရင်…အကို ပြန်အိပ်ရမယ်”
“အမ်”
“ဂျာနူးရောလားလို့ မမေးတော့ဘူးလား”
“ဟင်”
ဗေဒါ အူကြောင်ကြောင်ဖြစ်သွားပုံကို ကြည့်ပြီး ဂျာနူးက တခစ်ခစ်ရယ်သည်။
……………………………….
နောက်တစ်နေ့နံနက်စောစော ဗေဒါ အိပ်ရာနိုးသည့်အချိန်တွင် ဂျာနူး မရှိတော့။
ဂျာနူးသည်…တညလုံးသူ့အနားရှိနေပြီး..မိုးလင်းသည်နှင့် ပျောက်သွားတတ်သော အိပ်မက်လို မိန်းကလေး။
အိပ်ရာနိုးပြီးမကြာမီပင် ဖုန်းဝင်လာ၏။ နိုင်ငံခြားဖုန်း။
မစ္စတာလုထံမှ။
“မင်း..အက်စ်သရီး သား နဲ့ ရင်းနှီးခဲ့ပြီဆို”
ဂျာနူး သတင်းပို့လိုက်ခြင်းဖြစ်မည်။
ဗေဒါက ညီညီနှင့်ပတ်သက်ပြီး သူသိခဲ့ရသူများကိစ္စကို အကျဉ်းချုံ့ပြောပြလိုက်၏။
“ကောင်းတယ်… ဒီကောင်လေးရဲ့ အဖေက အရင် မဆလဥက္ကဌကြီးရဲ့ အဓိကလူယုံ…အငြိမ်းစားယူသွားတယ်ဆိုပေမယ့်.အက်စ်ဝမ်းနဲ့ မဆလဥက္ကဌရဲ့ ကြားမှာ ဆက်သွယ်ပေးနေတဲ့သူမို့ အရေးကြီးတယ်..ဘာပဲဖြစ်ဖြစ် သူနဲ့ ဆက်ဆံရေးကို ဆက်ထိန်းထား..ဒီကောင်တွေ ကြိုက်တတ်တာတွေကို ပေးပြီး ကိုယ့်လူဖြစ်အောင်လုပ်ထားလိုက်..ငါတို့မှာ သူတို့နဲ့ ကွန်းတက်ရှိနေဖို့လည်း လိုအပ်တယ်..ဗေဒါ.. မကြာခင် ငါ ပြန်လာခဲ့မယ်”
……………………………….
မာလိပါးတောင်တန်းဒေသ၊ လောက်ကိုင်မြို့။
ဗေဒါ၊ ဂျာနူး၊ လောရှည် နှင့်အတူ မစ္စတာလုနောက်မှ ထပ်မံမွေးထားသော လူတစ်ယောက်လည်း ပါလာသည်။
ထိုသူကား တပ်မတော်ထောက်လှမ်းရေးတွင် ဗိုလ်မှူးအဆင့်တာဝန်ယူပြီးမှ ထုတ်ပယ်ခြင်းခံလိုက်ရသည့်သူ။
ထောက်လှမ်းရေး၏ အတွင်းကိစ္စများကိုသိပြီးကြောနပ်နေသူဟု ဂျာနူးက ပြောပြထားသည်။
မစ္စတာလု၏ အစီအစဉ်အရ ထိုသူအား ငွေကြေးကောင်းကောင်းပေးပြီး မွေးမြူလိုက်ခြင်းပင်။
ပထမတစ်ရက်တွင် လောမိသားစုနှင့် သူတို့၏ လက်နက်ကိုင်တပ်မှူးများ အစည်းအဝေးကျင်းပနေသဖြင့် ဗေဒါတို့မှာ အေးအေးဆေးဆေးအနားယူရသည်။
နောက်တစ်ရက်တွင်တော့ အထူးအစည်းအဝေးပွဲ စတင်ပြီဖြစ်သည်။
လောမိသားစုများနှင့် ဗေဒါတို့ကဲ့သို့ မိသားစုလူယုံများ၊ ရှမ်းမြောက်တကြောရှိ လောမိသားစုလက်အောက်ခံ စီးပွားရေးသမားများ ပါဝင်ကြ၏။
အဓိက အချက်မှာ လောမိသားစု၏ စီးပွားရေးအင်ပါယာကို အပြတ်ဖြိုရန်လမ်းစပျိုးနေပြီဖြစ်သော စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏ အာဏာကို အပြီးတိုင် ဖြိုလှဲပစ်ရန်ပင်။
ထို့အတွက် အားလုံးအသီးသီး တာဝန်များ ခွဲဝေယူကြရသည်။
ဗေဒါမှ စစ်ထောက်လှမ်းရေးများနှင့်ရော၊ နအဖကောင်စီဝင်လူကြီးများ၏ သားသမီးများနှင့်ပါ ရင်းနှီးရင်းစွဲရှိသူမို့ အတွင်းသတင်းများ၊ ယင်းတို့၏ အားနည်းချက်၊ အားသာချက်များကို စုံစမ်းမှတ်တမ်းယူရန် တာဝန်ပေးခံရသည်။
နောက်တစ်ခုက လောမိသားစုအနေဖြင့် ကမ္ဘာကလက်မခံသောမူးယစ်ဆေးကိစ္စကို တဖြည်းဖြည်းလျော့ချရင်း..လုံးဝမလုပ်တော့ရန်နှင့် ဗေဒါတို့အနေဖြင့် သစ်လုပ်ငန်းကို စတင်ဝင်တိုးရန်ဖြစ်သည်။
အစည်းအဝေးတွင် ထောက်လှမ်းရေးအကြီးအကဲဖြစ်သော နအဖ အတွင်းရေးမှူး(၁) နှင့် သူ၏ဇနီးတို့ကို လောမိသားစုက အဓိက ထောက်ပံ့ထားရဖူးသော ဂါရဝကြေးများကို အသေးစိတ်ပြန်လည် စိစစ်မှတ်တမ်းတင်ကြ၏။
စစ်ပွဲက မကြာမီ စတင်တော့မည်။
……………………………….
၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်။
မကြာမီဟု မှန်းထားသော်လည်း..စစ်ပွဲက ထင်သည်ထက် ပိုစောလာခဲ့ပြီ။
ရန်ကုန်သို့ ပြန်ရောက်ရောက်လာချင်းပင်..မစ္စတာလု အား သတင်းဆိုးက စောင့်ကြိုနေပေပြီ။
နယူးရီးယားည ကလပ်မှပြန်လာသော မစ္စတာလု၏ သမီးနှင့် သူ့ရည်းစားကောင်လေးကို စစ်ထောက်လှမ်းရေးမှ မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးသွားခဲ့ခြင်းပင်။
ဘယ်နှစ်လိပ်မြောက်မှန်းမသိတော့သည့် စီးကရက်ကို မစ္စတာလုက ပြာခွက်ထဲသို့ ထိုးချေလိုက်၏။
သူ့ရှေ့တွင် ဗေဒါ၊ လောရှည်နှင့် ဂျာနူးတို့က တိတ်ဆိတ်စွာထိုင်လျက်။
လောမိသားစုအနေဖြင့် အခြားကိစ္စများတွင် သွေးအေးစွာ ဆုံးဖြတ်တတ်သော်လည်း သွေးသားအရင်းအချာအား ထိပါးလာသည့်ကိစ္စဆိုလျှင် ပြတ်ပြတ်သားသားဆုံးဖြတ်တတ်ကြောင်း ဗေဒါ သိထားပြီးသား။
ယခုကိစ္စသည် လောအင်ပါယာကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင်။
လောမိသားစုနှင့် လူယုံများ ရန်ကုန်မှ ရုတ်တရတ်ပျောက်သွားပြီး..လောက်ကိုင်တွင် သွားစုဝေးခဲ့မှုကို စစ်ထောက်လှမ်းရေးကလည်း သိရှိပုံပေါ်သည်။
ထိုအချိန်တွင် ဗေဒါ၏ ဖုန်းမှ အသံမြည်လာ၏။
ဖုန်ဆက်လာသူက ရီတာ။
ဗေဒါက အကူအညီတောင်းထားသဖြင့် ဆက်လာခြင်းဖြစ်သည်။
“ဒီကိစ္စကို အဓိက ဖမ်းခိုင်းတဲ့ အမိန့်က ဌာနကြီးမှူး ဗိုလ်မှူးချုပ် ဆီက လာတာလို့ သိရတယ်…ကိုဗေဒါ… မူးယစ်ဆေးဝါးအမှုနဲ့ပတ်သက်ရင် မူဝါဒတွေကလည်းတင်းကြပ်ထားသော…လွယ်မယ်မထင်ဘူး..ကျွန်မတို့ အချင်းချင်းလည်း..ပြဿနာတွေရှိနေတာ..ကိုဗေဒါသိမှာပါ..ဒီတော့..အဲ့ဒီဗိုလ်မှူးချုပ်ကို ကိုယ်တိုင် ပြောမှပဲ ရမယ်”
ဗေဒါလိုက်နိုင်သမျှလမ်းကြောင်းများထဲတွင် ရီတာ သည် ဂိတ်ဆုံး။ ရီတာမှမကယ်နိုင်လျှင် လမ်းကြောင်းက မရှိတော့။
မစ္စတာလုကို ဗေဒါက ဌာနကြီးမှူး၏ အမည်ကို ပြောပြလိုက်၏။
“အခုကိစ္စက စစ်ပွဲတစ်ပွဲဆို..စစ်သူကြီးချင်း စီးချင်းထိုးကြရမှာ..ဒါကိုမှ မဆီမဆိုင်…အပြစ်မရှိတဲ့ ကလေးတွေကို ထိပါးလာရင်တော့..ငါတို့လည်း စည်းကမ်း မထားတော့ဘူးပေါ့ကွာ..လောရှည် မင်းက အဲ့ဒီဌာနကြီးမှူးရဲ့ သားသမီးတွေ ရှိမရှိ စုံစမ်း၊ ဗေဒါ..မင်းက ဒီကိစ္စကို အဓိက အစီအစဉ်ဆွဲပေး… သူ့သားသမီးတွေထဲက တစ်ယောက်ကို ငါတို့က ပြန်ဖမ်းမယ်….ငါ့သမီးကို ဘယ်နည်းနဲ့မဆို ပြန်လိုချင်တယ်..ဖြစ်လာသမျှကိစ္စ ငါရှင်းမယ်”
မစ္စတာလုက သူ့လက်ထဲမှ တဝက်တပြတ်သာ ရှိသေးသော စီးကရက်ကို ကြေမွသွားအောင် ထိုးချေပစ်လိုက်သည်။
……………………………….
ထိုကိစ္စက ဗေဒါ့အတွက် တစ်ရက်ပင်မကြာ။
ရန်ကုန်မြို့မှ နာမည်ကျော် အထက ကျောင်းတွင်တက်နေသော ထောက်လှမ်းရေးဌာနကြီးမှူး ၏ သမီးအငယ်မ အကြောင်းကို ဗေဒါ သိလိုက်ရသည်။
ထိုအကြောင်းကို မစ္စတာလုအား ပြောပြာပြီး သူစီမံထားသည့် အစီအစဉ်ကို တင်ပြလိုက်သည်။
မစ္စတာလုက အချိန်မဆွဲရန်နှင့် အမြန်ဆုံးအကောင်ထည်ဖော်ရန်လည်း မှာလိုက်၏။
ညနေပိုင်းတွင် လောရှည် ဗေဒါ့ထံသို့ ရောက်လာသည်။ သူတစ်ယောက်တည်းမဟုတ်။
နောက်ထပ် ဗေဒါ မမျှော်လင့်ထားသော လူတစ်ယောက်လည်းပါလာ၏။
သရဲကြီး။ စိုးမြတ်အား လက်စတုံးခဲ့သည်ဆိုသည့် သရဲကြီး။
သရဲကြီးကလည်း ဗေဒါ့ကို မြင်တော့ အံဩနေသည်။
“ကဲ…မတွေ့တာတောင် ကြာပေါ့ဗျာ”
ဗေဒါကပင် လက်ကမ်းပေးလိုက်၏။ သရဲကြီးက သူ့ဟန်ပန်အတိုင်း ဖော်ဖော်ရွေရွေပင် ပြုံးပြသည်။
သာမန်ရိုးသားပွင့်လင်းသော အညာသားကြီးတစ်ယောက်ကဲ့သို့ ထိုသူသည် ရန်ကုန်မြို့တွင် နာမည်ကျော် လူမိုက်များအားလုံး ကြောက်ရသူဟု ထင်စရာတကွက်မှမရှိ။
ဇိုးဟု ဆိုသူများ ဝတ်လေ့ရှိသည့် ကျားပါးစပ်စွတ်ကျယ်၊ ပလေကပ်ပုဆိုး တို့ဘာတို့ကို ဝတ်လေ့ဝတ်ထရှိသူမဟုတ်။
သာမန်လူကဲ့သို့ပင် ခပ်ကုပ်ကုပ်နေတတ်သူ။ စကားလည်းသိပ်မပြော။ သူလုပ်ပြီဆိုလျှင်လည်း..တကယ့်ခေါင်ကိစ္စမှ။
ယခုလည်း လောရှည်က မည်သည့်အချိန်ကတည်းက သူ့ကို ချုပ်ထားသည်မသိ။
“ကောင်မလေးက ညနေ သုံးနာရီခွဲဆို ကျောင်းဆင်းတယ်….သူ့ကို လာကြိုတာက ထောက်လှမ်းရေးတပ်က တပ်ကြပ်အဖိုးကြီးတစ်ယောက်ပဲ…လုံခြုံရေးကတော့ တော်တော်ကို ပေါ့ပေါ့လျော့လျော့ပဲ..ဗေဒါ..ဒါက အဲ့ဒီကား ဓာတ်ပုံနဲ့ ကောင်မလေးကို ကျောင်းကြိုဖို့ ရပ်လေ့ရှိတဲ့ နေရာပုံပဲ”
လောရှည်က ဗေဒါ့အား ဓာတ်ပုံအချို့ကမ်းပေးလိုက်၏။
ဗေဒါက ဓာတ်ပုံများကို ကြည့်ရင်း သူ့ခေါင်းထဲ အစီအစဉ်မျာ ချနေသည်။
“ကျွန်တော် မစ္စတာလုနဲ့ စကားပြောပြီးပြီ..ကိုလောရှည်..ဒီကိစ္စမှ ထောက်လှမ်းရေးက သိပြီးသားဖြစ်နေတဲ့ ကျွန်တော်တို့ ခင်ဗျားတို့ တိုက်ရိုက်မျက်နှာထွက်ပြလို့မရဘူး”
“အေး..အဲ့ဒါ ငါလည်းစဉ်းစာမိလို့..သရဲကြီးကို ခေါ်လာတာ”
“မဟုတ်ဘူးဗျ..သရဲကြီးလည်းပါလို့မရဘူး….သူ့အကြောင်းလည်း ထောက်လှမ်းရေးက အူမချီးခါး သိထားမှာ…သူ့ကိုလည်း ဒုက္ခပေးလို့ရတယ်….ကျွန်တော့်တို့ စီစဉ်ထားတာ..ဒီလို”
……………………………….
“ကျွီ”
“ဝုန်း”
လမ်းမကြီးအတိုင်း ခပ်ဖြည်းဖြည်းမောင်းလာသော လင်ခရူဆာကားကို လမ်းသွယ်အတွင်းမှ အရှိန်ပြင်းပြင်းထွက်လာသည့် တိုယိုတာဆလွန်းကားက ဖြတ်တိုက်ချပစ်လိုက်သည်။
လင်ခရူဆာရော ဆလွန်းကားပါ နှစ်စီးလုံး ခေါင်းပိုင်းများ ကြေမွထွက်သွား၏။
ဆလွန်းကားထဲမှ လူမှာ ဒဏ်ရာအချို့ရနေသော်လည်း ကားပေါ်မှ ဆင်းကာ တစ်ဖက်ကားလမ်းအတိုင်း ထွက်ပြေးပျောက်ကွယ်သွားသည်။
ကားပေါ်မှ ထောက်လှမ်းရေးတပ်ကြပ်အိုကြီးမှာ တော်တော်နှင့် ဆင်းမလာနိုင်။ အရှိန်ဖြင့် ဆောင့်တိုက်ခံရသည့်ဒဏ်ကြောင့် နံရိုးများမှာ ကားတံခါးနှင့်ရိုက်ပြီး ကြေကုန်ပြီလားမသိ။
လမ်းမတစ်ခုလုံး ကားများဖြင့် ပြည့်ကြက်သွားတော့၏။
ကျောင်းဆင်းချိန်လည်း ဖြစ်သဖြင့် ကားလမ်းမတစ်ခုလုံး ပိတ်ဆို့သွားခဲ့ပြီ။
……………………………….
ဆံပင်အရှည်ကို နောက်သို့ လှန်စီးထားပြီး..နေကာမျက်မှန်တပ်ထားသည့်လူရွယ်တစ်ယောက်။
အသားကဖြူဖြူ၊ ရိတ်ထားခါစ ပါးသိုင်းမွှေးစိမ်းစိမ်းတို့ဖြင့်။
ကျစ်လစ်သော ခန္ဓာကိုယ်တွင် ဘော်ဒီဖစ်စွပ်ကျယ်အနက်နှင့် ဂျင်းပန်ကို ဝတ်ထားသော သူ့ကို ကျောင်းဆင်းလာသည့် ဆယ်ကျော်သက်ကျောင်းသူလေးများက ငေးမောရင်း တွတ်ထိုးနေကြသည်။
“ညီမလေး..က.စိမ့်စိမ့် လား”
“ရှင်”
ကျစ်ဆံမြီးကျစ်ထားသည့် ဆယ်ကျော်သက်မလေးမှာ သူငယ်ချင်းများကြားမှ သူ့နာမည်အား ခေါ်လိုက်သူ ကိုလူချောကြောင့် အံဩသင့်သွားသည်။
“ဪ..ဟိုမှာ ဉီးလေးသက်ထူးက ယာဉ်တိုက်မှုဖြစ်လို့..ကားတွေပိတ်နေတာနဲ့…သူ့ကားဆီ ခေါ်လာပေးပါလို့ အကို့ကို လွှတ်လိုက်လို့”
“ကိုကြီးက..ဘယ်သူလဲ”
“ကိုကြီးက…ဉီးသက်ထူး..တူပါ…လာ..ညီမ..ရှေ့နားလေးမှာပဲ..ကားက”
“အံမယ်..စိမ့်စိမ့်..တို့ကတော့..ခစ်ခစ်”
အပေါင်းအသင်းများက သူ့အား အားကျသည့်ပုံစံဖြင့် ဝိုင်းရယ်ကြသဖြင့် ဆယ်ကျော်သက်မလေးမှာ ရှက်စနိုး။
“ပေး..ကိုကြီးကို ဆွဲခြင်းပေး..ညီမလေး..လာ”
“ဟုတ်..ရပါတယ်..ကိုကြီး..ညီမဘာသာ..ဆွဲပါ့မယ်”
“ကဲ..ကောင်မလေးကတော့..ပေးပါဆို”
ထိုသူက စိမ့်စိမ့်လက်ထဲမှ ဆွဲခြင်းကို အတင်းလုဆွဲလိုက်သည်။
သူငယ်ချင်းများ စနောက်နေသည့်ကြားမှ စိမ့်စိမ့်က ထိုသူနောက်သို့ ရှက်ကိုးရှက်ကန်းဖြင့် ပါသွားတော့၏။
ရှေ့ခပ်လှမ်းလှမ်းတွင် သူ့အား လာကြိုနေကျ..အိမ်မှကား။
“ကဲ.တက်..ညီမလေး”
ကိုလူချောက တံခါးဖွင့်ပေးသဖြင့် စိမ့်စိမ့်က အလိုက်သင့်တက်လိုက်သည်။
ကားအတွင်းခန်းရောက်သည့်အခါမှ သေချာကြည့်တော့ အိမ်က ကားမဟုတ်။ အိမ်က ကားနှင့် ပုံစံတူ ကားတစ်စီးသား။
ကာဒရိုင်ဘာနေရာတွင် ထိုင်နေသည်က သူ့ကို လာကြိုနေကျ ဒရိုင်ဘာကြီး တပ်ကြပ်သက်ထူးလည်း မဟုတ်”
စိမ့်စိမ့် သတိထားမိလိုက်ချိန်တွင် သူ့ဘေးတွင် ကိုလူချောက ကပ်လျက်ထိုင်လိုက်ပြီဖြစ်သည်။
“ငြိမ်ငြိမ်လေး လိုက်ခဲ့ပါ…ငါ့ညီမ..အကိုတို့ သူဌေးက အလည်ဖိတ်ခိုင်းလိုက်လို့ပါ”
ကားတံခါးများအား လော့ချလိုက်ပြီ။
……………………………….
ထောက်လှမ်းရေးဌာနကြီးမှူး၏ အိမ်မှာ ကျောင်းကြိုကားကို ဝင်တိုက်သွားသူများအား ဖမ်းမမိ။
ထို့အတူ မည်သူမှန်းမသိသည့် လူတစ်ယောက်က ဌာနကြီးမှူး၏ သမီးအငယ်မလေးကို ကျောင်းတွင် လာခေါ်သွားသည်တဲ့။
ရန်ကုန်မြို့ရှိ ထောက်လှမ်းရေးတပ်ဖွဲ့များအားလုံး အရေးပေါ်ကြေးနန်းများဖြင့် ရှုပ်ယှက်နေသည်။
လမ်းဆုံလမ်းခွများတွင်လည်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့်။
ဌာနကြီးမှူးကတော်သည် ရုံးခန်းအတွင်း အော်ကြီးဟစ်ကျယ်သောင်းကျန်းလိုက်၊ ငိုယိုလိုက်ဖြင့်။
မီးတောက်ကုန်ကြပြီ။
……………………………….
ဗေဒါက ဖုန်းကို ကောက်ကိုင်လိုက်၏။
“ဗေဒါ…ဒါ..မင်းတို့ လက်ချက်မဟုတ်လား”
သံချောင်း၏ အသံ။
“ဘာကို ပြောတာလဲ..ကိုသံချောင်း”
“ဌာနကြီးမှူး..သမီးလေးကိစ္စ”
ဗေဒါက ဘာမှ ပြန်မဖြေ။
“ဟေ့ကောင်..ငါမေးနေတယ်လေ”
“စကားကို ကောင်းကောင်းပြောဗျ..အထက်စီးက မပြောနဲ့”
“အေး..ဟုတ်ပါပြီ..ပြော..မင်းတို့ဘာဖြစ်ချင်တာလဲ..ဘာလုပ်ချင်တာလဲ..ဒီမှာ ငါတို့ အားလုံး အထောင်းခံနေရပြီ”
“ဘာမှမဖြစ်ချင်ဘူး…ကျုပ်တို့လည်း ဒီမှာ မစ္စတာလု သမီး အဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အထောင်းခံနေရတာပဲ..ဘဝတူတွေပဲ…ကိုသံချောင်း”
“ဗေဒါ…ငါ့အကြောင်းမင်းသိသလို..မင်းအကြောင်းလည်း ငါသိတယ်…ငါတို့ ဘာလုပ်ပေးနိုင်လဲပြော”
“မစ္စတာလု သမီးနဲ့ သူ့ကောင်လေးကို ခင်ဗျားတို့ ပြန်ထုတ်ပေး”
“မရတော့ဘူးကွ…ရဲစခန်းကိုအပ်ပြီး အမှုဖွင့်လိုက်ပြီ”
“ဒါဆိုလည်း ပြီးတာပဲ”
“နေဉီး”
“ပြော”
“မစ္စတာလုသမီးကိုတော့ အမှုက ဆွဲထုတ်ပေးဖို့ ဌာနကြီးမှူးကို ငါပြောပေးမယ်”
“ကောင်လေးကိုရော”
“မရတော့ဘူး…ဒီကောင့်လက်ထဲမှာ မိတာတွေလေ”
“အဲ့ဒီကောင်လေး ဆေးမသုံးတာ ကျွန်တော်သိပြီးသားပဲ..ခင်ဗျားတို့ ဆေးပစ်ဖမ်းတာမဟုတ်လား”
“ဒါပေမယ့်ကွာ..နှစ်ယောက်လုံးကြီးကျ ခက်တယ်လေ..ကောင်မလေးကိုပဲ ငါတို့ တတ်နိုင်တော့တယ်”
“အချိန်ဘယ်လောက်ကြာမလဲ”
“ဒီညပဲ”
“ခုနှစ်နာရီမတိုင်ခင်ဆိုရင်ရော”
“ရတယ်..အဘသမီးလေးကိုရော..မင်းတို့”
“ဘယ်က အဘသမီးလဲ”
“မင်း..ကွာ”
“ဒီမယ်..ကိုသံချောင်းရဲ့…သူများသားသမီးကို မတရားဖမ်းရင်..ကိုယ့်သားသမီးလည်းဖမ်းခံရတတ်တယ်..သူများ သားသမီးကို ပြန်လွှတ်ပေးမယ်ဆိုရင်တော့..ကိုယ့်သားသမီးကိုလည်း ဖမ်းထားတဲ့သူက ပြန်လွှတ်ပေးမှာပါဗျာ. ပူမနေပါနဲ့”
သံချောင်းက ဖုန်းမချမီ..ဗေဒါအား ငါနှင့် ကိုင်တုတ်သွား၏။
ဖုန်းချပြီးသည်နှင့် ဗေဒါ ဟက်ဟက်ပက်ပက်ရယ်မိသည်။
သူ့အား အမြဲတမ်း စိတ်အနှောက်အယှက်ပေးနေသည့် ထောက်လှမ်းရေးငတိများကို အကြီးကြီး ပြဿနာပေးလိုက်နိုင်၍ပင်။
သို့သော်..ထိုပြဿနာနောက်ဆက်တွဲအဖြစ် ထောက်လှမ်းရေးက သူ့အား အသေရရအရှင်ရရ အမဲလိုက်တော့မည်ကိုလည်း ဗေဒါ ခန့်မှန်းပြီးသားပင်။
မတတ်နိုင်။
ယခုက သူသေကိုယ်သေတိုက်ရတော့မည့် တိုက်ပွဲဖြစ်လာပြီပဲ။
ထိုကိစ္စတစ်ခုလုံးကို ဗေဒါ စီစဉ်လိုက်ခြင်းပင်။
ကျောင်းကြိုကားအား လမ်းတွင်ဖြတ်တိုက်လိုက်သည်မှာ သရဲကြီး၏ တပည့် ကျားစာတစ်ဉီး။ ထိုငနဲကိုလည်း ကားတိုက်ပြီးနာရီပိုင်းအတွင်း ရန်ကုန်ဧရိယာမှထုတ်သွားပေးခဲ့ပြီဖြစ်သည်။
ဌာနကြီးမှူးသမီးအား ဖမ်းဆီးခေါ်သွားသူက စိုင်းနွံ။
လောမိသားစု၏ လောက်ကိုင်ရှိ စစ်တပ်တွင် အားအကိုးရဆုံး ဗိုလ်ကြီးတစ်ဉီး။
မင်းသားတစ်ယောက်လို ချောမောသည့်ရုပ်ရည်နှင့် လက်ဗလာချည်းသက်သက် လူသတ်နိုင်သည်အထိ ကိုယ်ခံပညာကျွမ်းကျင်သူ။
ယခုကိစ္စတွင် မည်သူမျှ မသိသေးသော စိုင်းနွံကို သုံးရန် မစ္စတာလုက လားရှိုးမှ ခေါ်ယူထားခြင်းပင်။
ဗေဒါက စိုင်းနွံထံ ဖုန်းခေါ်လိုက်သည်။
“စိုင်းနွံ…ကလေးမလေး အခြေအနေ”
“အစကတော့ အတော်လေး ကြောက်လန့်နေပုံပဲ…အခုတော့ ငါ သူ့ကို အန္တရာယ်မပြုတဲ့အကြောင်း၊ ခဏပဲ ခေါ်ထားတာဖြစ်တဲ့အကြောင်း ရှင်းပြလိုက်တယ်…အခု ရေခဲမုန့်ဝယ်ကျွေးပြီး ကာတွန်းကားပြထားတယ်”
“အေး..ခုနှစ်နာရီထိုးရင် ငါဖုန်းဆက်မယ်..မင်းသူ့ကို သူ့ကျူရှင်ဆရာမ အိမ်ကို မေးပြီး အဲ့ဒီကို ပို့ပေးလိုက်”
ခက်ဇော်
အခန်း ၂၄ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>