BREAKING
February 15, 2025

စစ်ခေါင်းဆောင် ရွေးကောက်ပွဲ လုပ်မှာလား၊ လုပ်ရဲလား

February 15, 2025

၂၀၂၅ ခုနှစ် ဝင်လာချိန် စစ်ဘောင်ကျယ်နေတဲ့ တိုင်းပြည်မှာ တချို့တွေမျှော်တဲ့ လေပြေညှင်းလေး ရောက်လာပါတယ်။ စစ်ကောင်စီရဲ့ အာဏာသိမ်း အကြောင်းပြချက်၊ ပြည်တွင်းအင်အားစုတချို့ ဝိုးတဝါးမျှော်တဲ့ ရွေးကောက်ပွဲ ဆိုတာပါ။

‘လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပမယ်’ ဆိုတဲ့ စစ်ကောင်စီရဲ့ ငါးစာလို ကတိဟာ ခြောက်လတစ်ကြိမ် သက်တမ်းတိုး ရစ်သမ်အတိုင်း ပေါ်ချည်မြုပ်ချည်နဲ့ ဆယ်စုနှစ် တစ်ဝက်ကျိုးပါတော့မယ်။

လက်နက်ကိုင်တော်လှန်ရေးကို မရွေးဘဲ နိုင်ငံရေးလမ်းကို ရွေးထားသူတွေ အတွက် ဘယ်လို အကြောင်းပြချက်၊ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရပါစေ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတာက မျှော်ချင်စရာပါ။

စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ ကတိစကားက သေချာပေါက်ဆိုပြီး ကံသေကံမ မပြောနိုင်ပါဘူး။ အဲဒါထက်တော့ နိမ့်ပါတယ်။

မဲမသမာမှုအကြောင်းပြ အာဏာသိမ်းခဲ့တာဖြစ်လို့ ဒါကိုချေဖျက်ဖို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာက အရင်က နှစ် ၂၀ တာရှည်ခဲ့တဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေလိုပါပဲ။

ဒီတော့ ရွေးကောက်ပွဲကျင်းပဖို့ အရင်လို နှစ် ၂၀ ကြာဦးမှာလား။

စစ်ခေါင်းဆောင်ရဲ့ ယခင်နှစ် မိတ္ထီလာခရီးမှာ ဘယ်လိုမှ မအောင်မြင်ခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ယူရေးကို အခြေပြုပြီး ရွေးကောက်ပွဲစကား ပြောချိန်ကစလို့ ရွေးကောက်ပွဲ မျှော်သူတွေ မျှော်လင့်ချက် သမ်းလာပါတယ်။

လတ်တလော စစ်ကောင်စီ အဖွဲ့ အစည်းအဝေးမှာ နိုင်ငံရေးပါတီတွေ ပြင်ဆင်ဖို့ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ စကားက ရွေးကောက်ပွဲ မျှော်သူတသိုက်ရဲ့ အိပ်မက်ကို ထပ်ပြီး မီးထိုးလိုက်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တကယ့်ဆိုလိုရင်းက ရွေးကောက်ပွဲကျင်းပရေး ဆိုတာထက် လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်မှ ပါတီတွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု အဆင်ပြေနိုင်တာကို ရည်ညွှန်းတာပါ။

စစ်ကောင်စီသာ ရွေးကောက်ပွဲ ကျင်းပလိုစိတ်ရှိခဲ့ရင် ၂၀၂၃-၂၀၂၄ ကာလတချို့ဟာ နိုင်ငံတကာဖိအား ချိန်ခွင်လျှာကို ထိန်းဖို့နဲ့ နိုင်ငံရေးထွက်ပေါက်ယူဖို့ အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကစတဲ့ အရေးပေါ်အခြေအနေကြေညာမှုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေးထားချက်အရဆို တစ်နှစ် တစ်ကြိမ်၊ ခြောက်လနှစ်ကြိမ် အများဆုံးနှစ်နှစ်ပဲရှိလို့ ၂၀၂၃ ဖေဖော်ဝါရီမှာ ၂ နှစ်ပြည့်ပြီးနောက် ရွေးကောက်ပွဲလုပ်ခဲ့ရင် ပိုနည်းလမ်းကျသလို လက်ခံသူ ပိုများနိုင်တာပါ။

ဒါ့အပြင် စစ်တပ်က ဗမာတော်လှန်ရေးနယ်တွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးကို ဖိနှိမ်နိုင်အားရှိခဲ့လို့ ရှမ်းမြောက်က ၁၀၂၇ နဲ့ ကယားက ၁၁၀၁ လို တိုက်ပွဲကြီးတွေ ပေါ်မလာခင် ရွေးကောက်ပွဲ လုပ်ခဲ့ရင် ရွေးကောက်ပွဲနယ်မြေ ပိုကျယ်ပြီး တရားဝင်မှု ပိုမျှော်လို့ ရနိုင်ပါတယ်။

အခုတော့ ရှမ်းမြောက်မှာသာမက ရခိုင်မှာပါ အကြီးအကျယ် ရှုံးနေသလို မြေပြန့် PDF တွေလည်း အဲဒီ တိုက်ပွဲတွေကနေ အတွေ့အကြုံယူပြီး ပြန်လာပြီမို့ စစ်ကောင်စီအတွက် ရွေးကောက်ပွဲနယ်မြေ ပိုကျဉ်းပြီး တရားဝင်မှု ပိုနည်းသွားပါတယ်။

၁၀၂၇ နောက်ပိုင်းမှာ နိုင်ငံတကာအဖွဲ့အစည်းအချို့က စစ်ကောင်စီအပြင် တော်လှန်ရေးဘက်ကိုပါ ပိုပြီး ထိတွေ့ ဆက်ဆံလာတာကြောင့် စစ်ကောင်စီအတွက် ရွေးကောက်ပွဲလုပ်ဖို့ အကောင်းဆုံးအချိန် လွန်ခဲ့ပါပြီ။

ရွေးကောက်ပွဲကို ဘယ်သူက ဖြစ်စေချင်ပြီး ဘယ်သူက အယောင်ဆောင်နေလဲ ကြည့်ပါမယ်။

ပြည်တွင်းက ပါတီတချို့ကတော့ ရွေးကောက်ပွဲ တကယ် ဖြစ်စေချင်မှာပါ။

စစ်တပ် ထားသလို နေရတဲ့ လက်ရှိ အခင်းအကျင်းထက် ရွေးကောက်ပွဲအလွန် အခြေအနေကနေ လွှတ်တော်၊ အစိုးရ ယန္တရားဆီ ရောက်ပြီး အာဏာနိုင်ငံရေးကွင်းဆက်နဲ့ ပြောခွင့်မူဘောင် ပိုကျယ်လာနိုင်တဲ့ ရွေးကောက်ပွဲကို သူတို့ ပိုမျှော်ပါလိမ့်မယ်။

စစ်တပ်နဲ့ စစ်တပ်ထောက်ခံ ပါတီတွေကြားမှာရော ရွေးကောက်ပွဲ မျှော်လင့်ချက် ဘယ်လိုရှိပါသလဲ။

မြန်မာ့နိုင်ငံရေးမှာ အာဏာရပ်ဝန်းမှာရှိနေခြင်း၊ အာဏာ ဆုပ်ကိုင်ထားနိုင်ခြင်းက ယစ်မူးစရာဖြစ်ပြီး အကျိုးစီးပွား ပတ်သက်မှုတွေ များပါတယ်။

USDP နဲ့ NLD အစိုးရတွေရဲ့ ခေတ်မျိုးဆီကို ပြန်မသွားလိုတဲ့ အင်အားစုတွေ ရှိပါတယ်။

စစ်တပ်နဲ့ ပေါင်းပြီး ကိုယ်ကျိုးစီးပွား ရနေသူတွေအဖို့ ရွေးကောက်ပွဲဆိုတာ ခြိမ်းခြောက်မှုပါ။

Invisible Hand လို့ဆိုရမယ့် အဲဒီအင်အားစုရဲ့ ကိုယ်ကျိုးစီးပွား ရပ်တည်ချက်ကတော့ ရွေးကောက်ပွဲ တကယ် ကျင်းပရေးထက် ရွေးကောက်ပွဲ အကြောင်းပြပြီး အာဏာသိမ်းသက်တမ်း တိုးသွားဖို့သာ အဓိက ဖြစ်ပါတယ်။

အာဏာအရသာ သိနေတဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့အကျိုးစီးပွားကို စွန့်လွှတ်လိုပါ့မလား။

တချိန်က အစိုးရအဖွဲ့မှာ ပါခွင့်ရသူ၊ လွှတ်တော်ကနေ အသံထွက်ရသူ၊ ပါတီမှာကျန်ခဲ့ပြီး အရေးမပါသူ စတဲ့ ဗိုလ်ချုပ်ဟောင်းတွေရဲ့ ကြံ့ခိုင်ရေးပါတီ အကွဲအပြဲကို ကြည့်ရင် ရွေးကောက်ပွဲကနေ အာဏာရနိုင်သူနဲ့ ရွေးကောက်ပွဲကြောင့် အာဏာ စွန့်ရမယ့်သူတွေကြားမှာလည်း လိုလားချက်တွေ မတူနိုင်ပါဘူး။

NUG နဲ့ မိတ်ဖက်အဖွဲ့တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်နေချိန်မှာ စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေက ဘယ်လိုရှိပါသလဲ။

လက်ရှိ နိုင်ငံရေး ထွက်ပေါက်တစ်ခုက ရွေးကောက်ပွဲလို့ ဆိုရင်တောင် အကျဉ်းချခံထားရသူတွေ လွတ်မြောက်ဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပြီးမှသာ အတန်အသင့် လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာပါ။

ဒါပေမဲ့ စစ်ခေါင်းဆောင်ရဲ့ ပင်ကိုယ်သဘောအရ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ လွှတ်ပေးရေးနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်လာဖို့ မရှိပါ။

စစ်ခေါင်းဆောင်ရဲ့ ပုဂ္ဂိုလ်ရေး အာဃာတနဲ့ လက်ရှိ စစ်တပ်နဲ့ ကြံ့ခိုင်ရေး ပါတီမှာ နေရာရနေတဲ့ သူတွေရဲ့ စိတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး အသက်မသွင်းသင့်တဲ့ ကျားသေလို့ ယူဆနေတာကြောင့်ပါ။

စစ်ခေါင်းဆောင်ဟာ နိုင်ငံရေးအရတင်မဟုတ်ဘဲ ဂုဏ်သိက္ခာဆိုင်ရာစွဲချက်တွေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ပြီး ထောင်ချခဲ့သလို သူ့ရဲ့မိန့်ခွန်းတိုင်းမှာ NLD ကို ခုထိ အပြစ်တင်နေဆဲ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့လုပ်ရပ်တွေက သူ့ဆရာတွေထက် ပိုဆိုးသလို ရင်ဆိုင်ရမယ့် နိုင်ငံတကာ စွဲချက်တွေ (ICC၊ ICJ၊ အာဂျင်တီးနားတရားရုံး)၊ တော်လှန်ရေးအဖွဲ့တွေရဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေး ကြိုးပမ်းလာနိုင်မှုတွေကြောင့် သူ့အနေနဲ့ အာဏာကို လက်လွှတ်ရဲမှာ မဟုတ်ပါ။

လက်ရှိ တပ်အသိုင်းအဝိုင်းမှာလည်း သူ့လက်ထဲအာဏာမရှိတာနဲ့ သူ့အပေါ် အန္တရာယ်ပေးနိုင်သူ၊ ပေးလိုသူတွေရှိလို့ အာဏာလက်မလွှတ်ရဲပါဘူး။

ဒါကြောင့် သူ့ရဲ့နိုင်ငံရေးထွက်ပေါက်ဟာ ရွေးကောက်ပွဲဆိုရင်တောင် ရွေးကောက်ပွဲဖြစ်စဉ် ပြီးမြောက်ရေးထက် သူနဲ့သူ့မိသားစု ရှေ့လုံခြုံရေး စိတ်ချသေချာဖို့က သူ့အတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံရဲ့ ထိပ်ဆုံးနေရာကို တက်ထိုင်ထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ နောက်ပိုင်းကို ရောက်ရင်လည်း အာဏာဆက်ယူတဲ့အခါ အင်္ဂါစဉ်မှာ အဆင့် ၇၊ ၈ ပြန်ရောက်မယ့် တပ်ချုပ်ရာထူးထက် သမ္မတ အဖြစ်သာ ရွေးပါလိမ့်မယ်။

ဒီလိုဆိုရင် မြန်မာ့အာဏာချိန်ခွင်ကို အဆုံးအဖြတ် ပေးနိုင်သေးတဲ့ တပ်ကို ဘယ်သူ့လက် ထားခဲ့မလဲ။

လက်ရှိ စစ်ခေါင်းဆောင်ကိုယ်တိုင်တောင် ဦးသန်းရွှေက တပ်ရဲ့အကြီးဆုံးရာထူး အတွက် ကနဦး လျာထားခဲ့သူ မဟုတ်ဘဲ ဗိုလ်ချုပ်သူရမြင့်အောင်ကို လျာထားရာကနေ သူ့ဆီ ကံဖေးမပြီး ပြောင်းလဲ ရောက်လာခဲ့တာပါ။

ဆိုရရင် လက်နက်ရှိတဲ့သူက အရေးပါကြီးစိုးနေတဲ့ မြန်မာ့နိုင်ငံရေးအာဏာအတွက် အဓိကအကျဆုံး တပ်ခေါင်းဆောင်နေရာကို ဘယ်သူ့လက်ထဲ ထားခဲ့မလဲဆိုတာ စစ်ခေါင်းဆောင် အနေနဲ့ လူရွေးနေဆဲ ရှိပါသေးတယ်။

ဦးသန်းရွှေက နောက်လူနေရာကို သူအာဏာစက် ရှိနိုင်မယ်ထင်တဲ့ အသက် ၂၀ ကျော်လောက်ခွာပြီး ပေးခဲ့တာတောင် ထင်သလိုမဖြစ်ခဲ့တာပါ။

ဒီတော့ လက်ရှိစစ်ခေါင်းဆောင်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ သူနဲ့သူ့မိသားစုအတွက် အလုံးစုံ ယုံကြည်ရမယ့် နောက်ခေါင်းဆောင် ရှာဖွေချိန်ဟာ နည်းနေပါသေးတယ်။ အချိန်ထပ်လိုသေးတယ် ထင်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ အယောင်ပြပြီး အာဏာကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်ဖို့သာ ဦးစားပေးပါလိမ့်မယ်။

အာဏာသိမ်းသက်တမ်း မှန်မှန်တိုးတဲ့ နေရာမှာ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှု မရသေးလို့ ပုံမှန်အခြေအနေ မဟုတ်ဘူးဆိုပြီး ကောင်းကောင်းကြီး အကြောင်း ပြနေတာပါ။

၂၀၂၅ မှာလည်း NUG ရဲ့ မြေပြန့်ထိုးစစ်တွေ လာနိုင်တာကြောင့် နေပြည်တော်နဲ့ နေရာကွက်ကျန်မယ့် မြို့ကြီးတွေကို အထိုင်ယူပြီး သက်တမ်းတိုးအကြောင်းပြချက်ရှာမယ့် စစ်ခေါင်းဆောင်အတွက် အရှုံးထဲကအမြတ် ဖြစ်ပါလိမ့်မယ်။

ဒီအတိုင်းဆို စစ်ခေါင်းဆောင်ပြောတဲ့ ရွေးကောက်ပွဲ ဖြစ်ဦးမှာလား ဘယ်တော့လဲ။

အဖြေ တစ်ခုပဲရှိပါတယ်။ တရုတ်အစိုးရပါ။

NUG ကိုမယုံသလို စစ်ကောင်စီကိုလည်း မနှစ်မြို့တဲ့ တရုတ်ဟာ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေနဲ့ မြန်မာ့မြေပေါ်က သူ့အကျိုးစီးပွားတွေကြား ဘယ်အချိန် ရွေးကောက်ပွဲ ကျင်းပဖို့ ဆိုတာကို အဖြေထုတ်နိုင်ဖွယ် ရှိပါတယ်။

အာဏာရှင်စစ်တပ်နဲ့ ပြည်သူ့တော်လှန်ရေးအကြား အာဏာစက်ကွင်း ပြိုင်နေလို့ အိမ်နီးချင်းရဲ့ မမြင်သာတဲ့ လွှမ်းမိုးမှုနဲ့ မထုတ်ထားတဲ့ လက်တံတွေရဲ့ ဖန်တီးတွန်းတိုက်မှုတွေ ရှိလာမှသာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ တကယ်ဖြစ်လာနိုင်ကြောင်းပါ။

သစ်ခန့်